.

ဓာတ်ဖန်လုံးဖြင့် ရှေ့ဖြစ်ဟောခြင်း ( Crystal Gazing)

 (က) သမိုင်းကြောင်းအရင်းခံ
 
ဖန်လုံး ဓာတ်ဖန်လုံးဟု အဓိပ္ပာယ်ရသော Crystal ဆိုသည့် စကားလုံးသည် BC 4 ရာစုခန့်က ခဲနေသောရေ (သို့) သန့်ရှင်းသောရေခဲဟု အဓိပ္ပာယ်ရသော
ဂရိစကားလုံးမှ ဆင်းသက်လာသည်။ နောက်ပိုင်းမှ သလင်းကျောက်တုံး မာသောကျောက်ခဲ ဟု ပြောင်းလဲခေါ်ဝေါ် သုံးနှုန်းခဲ့သည်။ ဓာတ်ဖန်လုံးကို အနာဂတ်ကိုကြည့်ဖို့အတွက် လွန်ခဲ့သော နှစ်ပေါင်းများစွာကတည်းက အသုံးပြုခဲ့ကြပါတယ်။ အနာဂတ်ကို ကြည့်ရှုခြင်းမှာ ဓာတ်ဖန်လုံးတစ်ခုတည်းကိုပဲ ကြည့်ပြီး ရှေ့ဖြစ်ဟောခဲ့တာတော့ မဟုတ်ပါဘူး။ ဖန်ခွက် ၊ ရေ ၊ မှန် ၊ သလင်းကျောက်တို့ကိုလည်း ထူးခြားဆန်းကြယ်သောအမြင်များကို ရရှိဖို့အတွက် အသုံးပြုခဲ့ကြပါတယ်။
ဓာတ်ဖန်လုံး သလင်းကျောက်တုံးတွေကို အသုံးပြုသူများ၏ယုံကြည်မှုကတော့ မိမိကြည့်သော ပစ္စည်းများသည် သံလိုက်ကဲ့သို့ စိတ်စွမ်းအင်များကို ဆွဲယူနိုင်သောသဘောရှိသည့်အတွက် မိမိတို့သိချင်သော အနာဂတ်အကြောင်းအရာများကို တိတိကျကျဖော်ပြပေးနိုင်သည်ဟု ယုံကြည်ကြသည်။ အချို့ရုပ်ရှင်ကားတွေထဲမှာရှိတဲ့ ဂျစ်ပစီရှေ့ဖြစ်ဟောသမားတွေက အဖြူရောင်ဖန်လုံးများတွင် ပေါ်ပေါက်လာသောပုံရိပ်များကို မေးမြန်းလာသူရဲ့အနာဂတ်ကို ကြည့်ရှုပြီး အနာဂတ်ကိုဟောပြောပုံများကို  လူတိုင်းရင်းနှီးနေပါလိမ့်မယ်။ အဲဒီဖန်လုံးက ဓာတ်ဖန်လုံးပင် ဖြစ်ပါတယ်။ အရင်ဆုံးဓာတ်ဖန်လုံးကို ဘယ်လိုရွေးချယ်ကြမလဲ။ အချို့ဓာတ်ဖန်လုံးတွေက ပြောင်ချောပြီး သန့ှ်ရှင်းနေတဲ့ ဖန်သားဖြင့် ပြုလုပ်ထားကြပါတယ်။ တောက်ပနေတဲ့ခဲဖန်လုံး ၊ ပြုပြင်ထားသောသလင်းကျောက်ဖန်တုံး ၊ သဘာဝသလင်းကျောက်စတာတွေလည်း အနာဂတ်ကို ကြည့်လို့ရနိုင်တဲ့ ပစ္စည်းအချို့ပါပဲ။ သန့်ရှင်းပြောင်ရှင်းနေတဲ့ သလင်းကျောက်တုံးကတော့ အများအားဖြင့် အသုံးပြုကြတဲ့ ပစ္စည်းတစ်ခုပါပဲ။ သလင်းကျောက်တုံးတို့ ဓာတ်ဖန်လုံးတို့ ၀ယ်လို့မရတဲ့သူတွေကတော့ ရိုးရိုး ဖန်လုံး ၊ ပြောင်ချောနေတဲ့ ဖန်ခွက်ထဲကို ရေထဲပြီးကြည့်နိုင်ပါတယ်။ ဖန်ခွက်အသုံးပြုသူများအနေနဲ့ ကိုယ်ကြည့်တဲ့ ဖန်ခွက်ထဲကို ဘေးက အရိပ်တွေ အလင်းတွေ မ၀င်အောင် ဂရုစိုက်ရပါမယ်။ အလင်းတွေ အရိပ်တွေ မ၀င်ချင်ရင်တော့ မိမိရဲ့နောက်ကျောမှာ မီး ခပ်မှိန်မှိန်လေး ထွန်းထားပါ။ အတိတ် အနာဂါတ် ပစ္စုပ္ပန် ကာလသုံးပါးလုံး ဝေဖန် ပိုင်းဖြား ဟောပြောနိုင်သော ပညာရပ် တစ်ခုဖြစ်သော ဓာတ်ဖန်လုံးကျင့်စဉ်ပြုလုပ်ဖို့အတွက် အောက်မှာအရင်ဆုံး လုပ်ဆောင်ရမှာတွေ ရှိပါတယ်။

(ခ) သန့်ရှင်းအောင်လုပ်ခြင်း

အကယ်၍ ဖန်လုံးဝယ်လာခဲ့ရင် သန့်စင်အောင် အရင်ဆုံးလုပ်ရပါမယ်။ ၀ယ်လာသောဖန်လုံးကို ရေ ဆပ်ပြာချောများဖြင့် တိုက်ဆေးပြီး နူးညံ့သောအ၀တ်စ(သိုးမွှေးစ)များနဲ့ ပွတ်တိုက်ပေးရပါမယ်။ ဒါက အပြင်ပိုင်းရုပ်ဝတ္ထုပိုင်းကို ဆေးကြောရာရောက်သလို အတွင်းပိုင်းမှာရှိတဲ့ စွမ်းအင်များ ထွက်ပေါ်လာဖို့အတွက်လည်း ဖြစ်ပါတယ်။ ဖန်ခွက်ကိုလည်း ဒီလိုဆေးပေးမယ်ဆိုလည်း ဆေးပေးနိုင်ပါတယ်။ မိမိစိတ်ထဲမှာ မကောင်းတဲ့အငွေ့အသက်များ မရှိတော့သည့်အထိ တိုက်ချွတ်ပေးပြီး သန့်ရှင်းစင်ကြယ်အောင် ပြုလုပ်ပါ။ ဒါဆိုရင်တော့ သန့်ရှင်းအောင်လုပ်ခြင်းကတော့ ပြီးသွားပါပြီ။
စွမ်းအင်သွင်းနည်း
ဓာတ်ဖန်လုံး ဖန်ခွက်များကို နေဖြင့်တိုက်ရိုက်မထိတွေ့ပါစေနဲ့။ ထိတွေ့လိုက်မည်ဆိုပါက စွမ်းအင်များကိုစုပ်ယူသော သံလိုက်စွမ်းအင်များသည် အားနည်းလာပါလိမ့်မည်။ မိမိကြည့်ရှုလိုသော မြင်ကွင်းများသည်လည်း မပြတ်မသားဖြစ်လာပါလိမ့်မည်။ ဒါကြောင့်ပထမဦးစွာ စွမ်းအင်သွင်းရပါမည်။ လူတိုင်းသိကြသည့်အတိုင်း လရောင်ဖြင့် စွမ်းအင်ကို သွင်းယူရပါမည်။ ဒီလိုစွမ်းအင်သွင်းခြင်းကိုတော့ လရောင်ရှိသောမည်သည့်အချိန်မဆို လုပ်ယူနိုင်ပါသည်။ လကြတ်ချိန်နှင့်အခြားနက္ခတ်တာရာဆိုင်ရာ ဖြစ်ရပ်များတွင်လည်း အားသွင်းပါကလည်း ပါဝါများပြည့်နိုင်ပါလိမ့်မည်။ အားသွင်းတဲ့အခါ ကိုယ့်ကကိုင်စရာမလိုတော့ပါဘူး။ ဖန်လုံး (သို့) ဖန်ခွက်ကို လရောင်ရှိသောနေရာပေါ်တွင် တင်ထားပြီး ကိုယ်ကမထိမကိုင်ဘဲ လရောင်တွင်ရှိသောအလင်းဓာတ်များရဲ့စွမ်းအင်များ ၀င်နေပြီလို့ စိတ်ထဲက တွေးနေရပါမည်။ အားသွင်းချိန်မှာ လက်ဖြင့်သွားရောက်ထိကိုင်ခြင်း မပြုလုပ်ပါနှင့်။
 
(ဂ) သိမ်းဆည်းရမည့်နေရာ
မိမိအသုံးပြုပြီးသည့်အခါ မိမိအသုံးမပြုသေးမီအခါအတွင်းမှာ အပြာရောင် အနက်ရောင်အ၀တ်များဖြင့် ဖုံးအုပ်ထားပြီး သေတ္တာတစ်ခု ဗီရိုတစ်ခုအတွင်းမှာ သိမ်းဆည်းထားပါ။ ပြင်ပတွင်ရှိသော အရောင်စူးစူးများ မ၀င်ပါစေနှင့်။ 55 ဒီဂရီဖာရင်ဟိုက်ရှိသော နေရာများတွင် မသိမ်းဆည်းမိပါစေနှင့်။
 
(ဃ) လေ့ကျင့်နည်း

ဒီပညာကို လေ့ကျင့်မယ်ဆိုရင် အရင်ဆုံး သန့်ရှင်း စင်ကြယ်ပြီး လေကောင်းလေသန့် ရနိုင်တဲ့ အခန်းတစ်ခန်း လိုအပ်ပါသည်။ အဲဒီ အခန်းဟာ ဆိတ်ငြိမ်နေရပြီးတော့ ပတ်ဝန်းကျင်က ဆူညံနေလို့ မရပါဘူး။ မိမိကို အနှောက်အယှက် ဖြစ်စေမယ့်အရာများ မရှိသည့်နေရာများကို ရွေးချယ်ပါ။ တိတ်ဆိတ် အေးချမ်းသော ပါတ်ဝန်းကျင် ဖြစ်ရပါမည်။ အချိန်ကတော့ ညဘက် (၉)နာရီ နောက်ပိုင်းနဲ့ မနက်စောစော တွေမှာ ကျင့်စေချင်ပါသည်။ ကျန်တဲ့အချိန်တွေမှာ အလင်းဓာတ်ကအရမ်းပြင်းတဲ့အတွက် အာရုံများေ၀၀ါးသွားနိုင်ပါသည်။ ဒါပေမဲ့ အချိန်မှန်မှဖြစ်ပါမည်။ ဒီနေ့ ညဘက် ကိုးနာရီမှာ ကျင့်တယ် ဆိုရင် နောက်တစ်နေ့ မှာလည်း ကိုးနာရီ မှာ ကျင့်ရမယ်။ ဖြစ်နိုင်ရင် အချိန် နေရာ အလင်းဓာတ်ကလည်း အားလုံးတစ်ထပ်တည်း ကျနေရင်ပိုကောင်းပါသည်။ ဒီနေ့ ဟိုအခန်းဝင်လုပ် ဒီနေ့ဒီအခန်းဝင်လုပ် အချိန်တွေကလည်း ဟိုအချိန်လုပ် ဒီအချိန်လုပ်ဆိုရင် အာနိသင်က ရသင့်သလောက် မရနိုင်ဘဲ ဖြစ်သွားပါလိမ့်မည်။ ပထမဆုံးစကြည့်ချိန်ကိုတော့ ဆယ်မိနစ်ထားလိုက်ပါမယ်။ နောက်နေ့ကျမှ ဆယ်ငါးမိနစ် မိနစ်နှစ်ဆယ်ထပ်တိုးပြီး ကြည့်သွားပေါ့။ တစ်နေ့မှာ အများဆုံးနှစ်ခါပဲ ရှိရမည်။ ပိုကြည့်တိုင်းလည်း သင့်အတွက် ကောင်းနိုင်မည်မဟုတ်ပါ။ သတိထားရမှာက အစားများစားသောက်ပြီး တစ်နာရီအတွင်းရယ် နေထိုင်မကောင်းတဲ့အချိန်မှာ ကျင့်လို့ မရပါဘူး။ စားပွဲတစ်လုံးပေါ်ကို အောက်တွင်အ၀တ်နက်ခင်းပြီး အပေါ်မှ ဓာတ်ဖန်လုံးဖြစ်ဖြစ် ဓာတ်ဖန်ခွက်ဖြစ်ဖြစ် တင်လိုက်ပါ။ အနားတွင်လည်း အနက်ရောင်အ၀တ်များ ကာထားရင်လည်း ကာထားလိုက်ပါ။ သတိထားစရာကတော့ ဖန်လုံးအသုံးပြုနေချိန်မှာ အရာအားလုံးက သက်တောင့်သက်သာရှိဖို့ လိုအပ်ပါသည်။ မိမိသည်လည်း သက်တောင့်သက်သာအနေအထားဖြစ်ရပြီး မိမိလေ့ကျင့်မည့်နေရာတွင်လည်း ရှုပ်ပွမနေရပါဘူး။ မိမိမျက်လုံးနှင့်ချင့်သားကိုက်အောင် အကွာအဝေးကို ထားလိုက်ပါ။ 10-14 လက်မအတွင်းအဆင်ပြေနိုင်ပြီး ဒီထက်ဝေးသွားရင်တော့ အဆင်မပြေနိုင်ပါဘူး။ ဖန်လုံးရှေ့မှာ တောက်ပသော မီးရောင် နေရောင်များ မရှိရပါဘူး။ မိမိအနောက်တွင် မီးချောင်းမှိန်မှိန်လေး ထွန်းလိုက ထွန်းနိုင်ပါသည်။ အေးအေး ဆေးဆေး သက်တောင့် သက်သာ ထိုင်ပြီး ဘာမှ မတွေးတော ဘာမှစိတ်မကူးပဲ ဖန်လုံး အတွင်းထဲသို့ သာ စိုက်၍ ကြည့်နေရမည်။ အရမ်း အားစိုက်ပြီး မောပန်းနေအောင် မကြည့်ရဘူး။အဲဒီလို ကြည့်နေတဲ့ အချိန်မှာ သတိ မလစ်တစ်ချက် လစ်တစ်ချက် ဖြစ်လာမည်။ကြည့်နေတဲ့ ဖန်လုံးလည်း တစ်ချက်တစ်ချက် မှိန် မှိန်လာပြီး တစ်ခါ တစ်ခါ ပျောက်အောင်ပျောက်သွားနိုင်ပါသည်။ မိမိရဲ့စိတ်ကို နိုင်နင်းသွားအောင် ပြုလုပ်ရပါမည်။ ဒါမှသာ လိုအပ်သော စိတ်စွမ်းအင်များနှင့် မြင်ကွင်းများလည်း ရှင်းလင်းပြတ်သားလာမှာ ဖြစ်သည်။ နောက်တော့ အိပ်ပျော်တာလည်း မဟုတ် ၊ အိပ်မပျော်တာလည်း မဟုတ်ဘဲ အိပ်မက် မက်နေသလို ဖြစ်လာမည်။ အိပ် ငိုက်လာမယ်။ ထိုအခါ မိမိရှေ့တွင် လေဟာပြင်ပဲ တွေ့ရမည်။ တိမ်တိုက်ကြီးများ လွှင့်မျောနေသည်ကိုလည်း တွေ့မြင်ရမည်။ ထို့နောက် ပျောက်ကွယ် နေသော အရာများ မေ့လျှော့ နေသော အရာများ ၊ မိတ်ဆွေများ ။ အခြားထူးဆန်းသော အရာများကို တွေ့မြင်ရလိမ့်မည်။ အကယ်၍ ဓာတ်ဖန်ခွက်ကို ကြည့်သည်ဆိုရင်တော့ ဖန်ခွက်ထဲကရေတွေဟာ အုန်းရည်တွေလို နောက်လာလိမ့်မယ်။ နောက်တော့ တဖြည်းဖြည်း ပိုပို နောက်လာမယ်။  နောက်တော့ ဖန်ခွက်ထဲကို မီးခိုးတွေ မှုတ်သွင်းထားသလို အလိမ့်လိုက် အလိမ့်လိုက်နဲ့  ဖြစ်လာမည်။ နောက်ဆုံးတော့ ရုပ်ရှင်ကြည့်နေသလို ကိုယ်သိချင်တဲ့အကြောင်းအရာဟာ ပီပီသသ ပြတ်ပြတ်သားသား ပေါ်လာလိမ့်မယ်။ ဓာတ်ဖန်လုံးကို ကြည့်ပြီးနောက်ပိုင်းမှာ ကိုယ်ကြည့်လိုရာကို စိတ်ကူးပြီး  ဖန်လုံးထဲကို စိုက်ကြည့်နေရင်းနဲ့ ကိုယ့် စိတ်ကို သုံးသပ်လိုက်ရင် ဖန်လုံး ကွယ်ပျောက်ပြီးတော့ပဲ ဖြစ်ဖြစ် ၊ ဖန်လုံးထဲမှာ မြင်နေရသလို ဖြစ်စေ ကိုယ် အလိုရှိရာကို တွေ့မြင်နိုင် လေသည်။ ကြည့်တိုင်းမြင်လာလို့ မြင်တိုင်းသဘောကျလာပြီး အချိန်တွေကို ပိုမတိုးသင့်ပါဘူး။ ပုံမှန်ပဲ လေ့ကျင့်သင့်ပါသည်။ ဓာတ်ဖန်ခွက်နဲ့ လေ့ကျင့်တဲ့သူတွေကို နောက်ဆုံးမှာချင်တာကတော့ တစ်နေ့တာကျင့်စဉ် ကျင့်လို့ ပြီးသွားရင် ဖန်ခွက်ထဲက ရေတွေကို သွန်ပစ်လိုက်။ ဖန်ခွက်ကို ရေစင်အောင် သုတ်ပြီး ကိုယ်အိပ်တဲ့ ခေါင်းအုန်းအောက်မှာ ထည့်ပြီးအိပ်ရမယ်။ ကွဲမည်စိုးရိမ်ပါက အနားတွင် အ၀တ်စာအနက်ဖြင့်ထုတ်ပြီး အိပ်ယာဘေးနားတွင် ထားအိပ်ပါ။
တစ်ဖြည်းဖြည်းဖြင့် မိမိကျင့်ကြံသည့်ပါရမီအတိုင်း (သို့) မိမိတို့၏စိတ်စွမ်းအင်ကြောင့် အဆင်ပြေလာပါလိမ့်မည်။ လူတိုင်းကျင့်ကြံနိုင်ပြီး လူတိုင်းတတ်မြောက်နိုင်ပါသည်။ ဒါပေမယ့် တစ်ရာကျင့်ရင်တော့ လူကိုးဆယ်လောက်ကတော့ အောင်ကိုအောင်မြင်ပါသည်။ အဲဒါကြောင့် မအောင်မြင်သော ကျန်ဆယ်ယောက်ထဲမှာတော့ သင်မပါဝင်ပါစေနဲ့။ မိမိဓာတ်ဖန်လုံး ၊ ဓာတ်ဖန်ခွက်ကြည့်တာ အဆင်ပြေလာသောအခါ မိမိသိလိုသော အကြောင်းအရာကို တွေးလိုက်ရုံနဲ့ မိမိရဲ့အာရုံထဲကို ပုံရိပ်များအနေနဲ့ ရောက်ရှိလာပါလိမ့်မည်။ အဲဒီအခါကျရင်တော့ သင်ဟာ အမြင်ပေါက်ပြီး အလိုရှိတိုင်း အဆင်ပြေနိုင်ပါပြီ။

မိုးကြယ်စင်
Tag : Craft
0 Komentar untuk "ဓာတ်ဖန်လုံးဖြင့် ရှေ့ဖြစ်ဟောခြင်း ( Crystal Gazing) "

MM-Search. Powered by Blogger.
Back To Top