.

ဖုန်းရွှေအကြောင်း တစ်စေ့တစ်စောင်း


Feng Shui: The Art of Living in Harmony

မြန်မာလို “ဖုန်းရွှေ” လို့ ခေါ်နေကြတဲ့ တရုတ်ရိုးရာ ပညာ Feng Shui (風水) ရဲ့ အသံထွက် အမှန်ကတော့ “ဖုန်းဆွေ” လို့ ထွက်ပါတယ်။ ဖုန်း (風) ဆိုတဲ့ တရုတ်ဝေါဟာရက “လေ” ကို ဆိုလိုတာ ဖြစ်ပြီး ဆွေ (水) ဆိုတာက “ရေ” ကို ဆိုလိုတာ ဖြစ်ပါတယ်။ ဒါကြောင့် အကြမ်းအားဖြင့် ဆိုရရင်ဖြင့် ဖုန်းရွှေပညာရပ်ဟာ လေနဲ့ ရေကို အခြေခံထားတဲ့ သဘာဝကျတဲ့ ပညာရပ်တစ်ခုလို့ ဆိုရပါမယ်။

လွန်ခဲ့တဲ့ အနှစ် ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွားလာခဲ့တဲ့ ဖုန်းရွှေပညာရပ်ကို နေအိမ်ဂေဟာတွေ သင်္ချိုင်းအုတ်ဂူ စတာတွေ အတွက် အရပ်မျက်နှာ ရွေးခြယ်တည်ဆောက်တဲ့ နေရာမှာ အဓိက အသုံးချပါတယ်။ အရပ်ဒေသ တစ်ခုမှာ အိမ်တစ်အိမ်၊ အဆောက်အဦ တစ်ခုကို စတင်ပြီး ပန္နက်စသည် မချခင်မှာ မင့်မြတ်တဲ့ဓာတ်တွေ တည်ရှိတဲ့နေရာကို ရှာဖွေရတာဟာ ဖုန်းရွှေပညာရဲ့ အဓိကလုပ်ဆောင်ချက်ပါပဲ။ Heaven & Earth ဆိုတဲ့ ကောင်းကင်နဲ့မြေကြီးကြားမှာ သမမျှတ Balance စ်အောင် နေထိုင်ခြင်းဖြင့် ကောင်းမွန်တဲ့ (氣 - qi) ချိဆိုတဲ့ ဓာတ်တွေကို တည်ဆောက်နေထိုင်ခြင်းဟာ ဖုန်းရွှေပညာရပ် ပါပဲ။ ဒါကြောင့် မိမိကိုယ်ကိုယ် တင့်သင့်လျှောက်ပတ်အောင် တည်ဆောက်လိုသူ မည်သူမဆိုအတွက် ဖုန်းရွှေပညာရပ်ကို အသုံးချနိုင်ပါသေးတယ်။

သာယာလှပပြီး သက်တောင့်သက်သာနဲ့ နေချင်စဖွယ်ရှိတဲ့ သက်ရှိပတ်ဝန်းကျင်မျိုးကို လူတိုင်းနီးပါး လိုချင်ကြတာ အမှန်ပါ။ ဒါကြောင့်လည်း ယနေ့ ကမ္ဘာမှာ အိမ်အတွင်းခန်း အလှပြင်ဆင်တဲ့ (Interior Design) ကုမ္ပဏီတွေ အလုပ်ဖြစ်နေကြတာပါ။

တရုတ်လူမျိုးတွေရဲ့ ဖုန်းရွှေပညာဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀၀ ကျော်လောက်က စတင်ပေါက်ဖွား ခဲ့တာကြောင့် အိုဟောင်းနေတဲ့ ပညာရပ်တစ်ခုလို့ ဆိုကောင်း ဆိုနိုင်ပါမယ်။ ဒါပေမယ့် ဖုန်းရွှေပညာက ယနေ့ ကမ္ဘာက တောင့်တနေတဲ့ ရုပ်ဝတ္ထုကြွယ်ဝချမ်းသာမှုတွေကို ဆောင်ကြဉ်း ပေးနိုင် ယုံမျှမကဘဲ စိတ်နဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေး၊ ပေါင်းသင်းဆက်ဆံရေးတွေ၊ အောင်မြင်မှုတွေကိုပါ ထပ်လောင်း ဆောင်ယူ လာနိုင်တယ်လို့ ဆိုလေတော့ အံ့သြမိတာ အမှန်ပါပဲ။

အသံထွက် အမှန်အားဖြင့် “ဖုန်းဆွေ” လို့ ထွက်ရတဲ့ Feng Shui (風水) ဖုန်းရွှေပညာရပ်ဟာ အရာဝတ္ထုတွေ၊ သက်မဲ့ပစ္စည်းတွေကို ထားသို နေရာချထားခြင်းကနေ သင့်ရဲ့ သက်ရှိပတ်ဝန်းကျင်မှာ ဘယ်လို သက်ရောက်မှုတွေ ဖြစ်စေမှာလဲ ဆိုတာကို အဓိက လေ့လာတာ ဖြစ်ပါတယ်။

သင့်ရဲ့ ပတ်ဝန်းကျင်မှာ စီးဆင်းနေတဲ့ ချိဓာတ် (氣 - Qi Energy Flow) တွေ ရှိပါတယ်။ ဒီဓာတ်တွေဟာ သင့်ဆီမှာရှိတဲ့ ဓာတ်စွမ်းအင် (Personal Energy Flow) တွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ သင့်ရဲ့ကိုယ်ပိုင် ဓာတ်စွမ်းအင်တွေက သင့်ရဲ့ အတွေးအခေါ် အပြုအမူတွေကို အကျိုးသက်ရောက်မှု ဖြစ်စေပါတယ်။ ဒါကြောင့် ဖုန်းရွှေပညာရပ်ဟာ သင့်ရဲ့ တစ်နေ့တာမှာ ဖြစ်ပျက်လှုပ်ရှားနေသမျှတွေနဲ့ (သင်က သတိမပြုမိသည့်တိုင်) သက်ဆိုင်နေပါတယ်လို့ ဆိုချင်ပါတယ်။

နမူနာဆိုရမယ်ဆိုရင် ကျန်းမာရေးချူချာနေတဲ့ လူတစ်ယောက်ရဲ့ ကုတင်ပတ်ဝန်းကျင်မှာ ချိဓာတ်ကို ဆွဲဆောင်စီးဆင်းစေတဲ့ အရာဝတ္ထုတွေ ချိတ်ဆွဲလိုက်ခြင်းဖြင့် အမြန်ဆုံး နလန်ပြန်ထူလာနိုင်တာမျိုးပါ။ အခြားတစ်ဘက်မှတွေးရင်ဖြင့် သင့်အိမ်၊ အိပ်ခန်း စတာတွေမှာ အရာဝတ္ထုတွေကို နေရာအထားအသို မမှန်ကန်ခြင်းဟာ သင့်ရဲ့ ရုပ်ပိုင်း၊ စိတ်ပိုင်းဆိုင်ရာ ကျန်းမာရေးတွေကို ထိခိုက်စေနိုင်တယ် ဆိုတဲ့ ကောက်ချက်ကို ရရှိလာမှာဖြစ်ပါတယ်။ ချိဓာတ်တွေရဲ့နဲ့ ပတ်ဝန်းကျင် သက်ရောက်မှုကို ဒီအောက်က ပုံ ၃ခုကို ကြည့်လိုက်ရင် ပိုနားလည်သွားမှာပါ။




ပထမပုံက လူတစ်ယောက်နဲ့ သူ့ရဲ့ကိုယ်ပိုင်ဓာတ်စွမ်းအင်တွေကို ရည်ညွှန်းတာ ဖြစ်ပါတယ်။ ဒုတိယပုံက သက်ရှိပတ်ဝန်းကျင်မှာ ရှိနေတဲ့ ချိဓာတ်တွေ လူဆီကို စီးဆင်းလာတာကို ပြပါတယ်။ တတိယပုံမှာ သက်မဲ့အရာဝတ္ထုတစ်ခု နေရာချလိုက်ခြင်းကြောင့် လူဆီကို လာနေတဲ့ ချိဓာတ်တွေရဲ့ လမ်းကြောင်း သွေဖီသွားပုံကို တွေ့နိုင်ပါမယ်။

ဒီတော့ ဖုန်းရွှေဆိုတာဘာလဲလို့ မပြောခင် ဘာတွေက ဖုန်းရွှေ မဟုတ်ဘူးလဲ ဆိုတာ အရင်ဆုံးနည်းနည်း စဉ်းစားကြည့်ကြပါစို့။ ဖုန်းရွှေဆိုတာ...

  • အိမ်တွင်း ပရိဘောဂတွေကို အဆန်းတကြယ် နေရာချပြီး သင့်ကို နေ့ချင်းညချင်း ကြီးပွားသွားစေနိုင်တဲ့ အရှေ့တိုင်းက အိမ်အတွင်း ဒီဇိုင်းချတဲ့ (Interior Design) ပညာ မဟုတ်ပါဘူး။
  • လက်တွေ့နယ်ပယ်ကနေ ကင်းကွာနေတဲ့ ဂမ္ဘီရဆန်တဲ့ အယူသည်းတဲ့ ဂန္ဓာရီပညာ မဟုတ်ပါဘူး။
  • သင့်နေအိမ်၊ ပန်းခြံတွေကို အလှဆင် ဖန်တီးတဲ့ နည်းပညာ မဟုတ်ပါဘူး။
  • တစ်ညနေခင်းအတွင်းမှာပဲ ပြီးအောင်လုပ်နိုင်တဲ့ လွယ်ကူသက်သာနည်းပညာ မဟုတ်ပါဘူး။
  • လူကုံထံတွေပဲ သုံးစွဲနိုင်တဲ့ ဇိမ်ခံနည်းပညာ မဟုတ်ပါဘူး။

ဒါဆိုရင် ဖုန်းရွှေ ဆိုတာ ဘာလဲ။ စဉ်းစားကြည့်ရအောင်ပါ။ ဒီနေရာမှာ အရေးအကြီးဆုံး မေးခွန်းတစ်ခုကို မေးချင်ပါတယ်။ အဲဒါက...

လူက သဘာဝကို ပြုပြင်တာလား၊ သဘာဝက လူကို ပြုပြင်တာလား။

ဒီမေးခွန်းရဲ့ အဖြေကို စဉ်းစားမယ်ဆိုရင် သဘာဝတရားတွေကနေ၊ လူလုပ်အဆောက်အဦတွေ၊ စက်ရုံတွေ ဖြစ်တည်လာတာတွေကို တရေးရေးမြင်လာပါလိမ့်မယ်။ လူသားတွေ နေထိုင်လာတဲ့ မြို့ပြစနစ်တွေ တိုးတက် ဖြစ်ထွန်းလာတာနဲ့အမျှ သစ်တောနဲ့ မြေဆီလွှာပြုန်းတီးမှုတွေ ရှိလာတာတွေကို မြင်မိပါလိမ့်မယ်။ နောက်ဆုံးမှာတော့ ဖန်လှောင်အိမ်ကြီးလိုဖြစ်ပြီး ယိုယွင်းလာတဲ့ ဂေဟဗေဒစနစ်ကြီးကို သွားသတိရကြ ပါလိမ့်မယ်။ အဲဒီစနစ်ဆိုးတွေကြောင့် လူသားတွေနဲ့ ကျန်းမာရေးတွေ ဆုတ်ယုတ်လာတာ၊ ရောဂါဘယ ထူပြောလာတာတွေကို တွေးမိပါလိမ့်မယ်။ စက်ဝန်းတစ်ပတ်လည်အောင် စဉ်းစားခန်း ထုတ်မိပြီးတဲ့အခါမှာ ခေါင်းရှုပ်စွာနဲ့ပဲ လက်တွေ့ကျတဲ့ အဖြေကို တောင့်တမိတယ်ဆိုရင် သင်ဟာ ဖုန်းရွှေ ဘာလဲဆိုတာ သိသင့်ပြီလို့ ယူဆလိုက်ပါတော့။

ဒီတော့ ဖုန်းရွှေဆိုတာ...

အပေါ်ယံကြည့်မယ်ဆိုရင် ဖုန်းရွှေဆိုတာ လူသားနဲ့ လူ့ပတ်ဝန်းကျင်ရဲ့ ကူးလူးဆက်နွယ်မှုကို လေ့လာတဲ့ ပညာလို့ ဆိုနိုင်ပါတယ်။ တစ်ဆင့်တက်ပြီး ကြည့်မယ်ဆိုရင် ဒီလိုဆက်နွယ်နေတဲ့ စွမ်းအင်တွေကို ဖုန်းရွှေနည်းပညာတွေနဲ့ ထိမ်းချုပ်ကွပ်ကဲပြီး သင့်နေ့စဉ်ဘဝမှာ တိုးတက်ဖြစ်တည်မှုတွေ ရှိလာအောင် ဖန်တီးယူနိုင်ခြင်းပါ။ သင်နဲ့ သင့်ရဲ့ ပတ်ဝန်းကျင် (Surrounding) ကို လည်ပတ်နေတဲ့ စွမ်းအင်စီးကြောင်းတွေရဲ့ စည်းစနစ်နဲ့ထဲမှာ သဟဇာတဖြစ်အောင် ထိန်းညှိတည့်မတ်ပေးခြင်းရဲ့ အကျိုးဆက်အားဖြင့် သင်ကော သင့်ဘဝဟာ ပတ်ဝန်းကျင်နဲ့ သဟဇာတ ဖြစ်သွားတာပါပဲ။

ဖုန်းရွှေကို နေရာချခြင်း အနုပညာလို့လည်း တချို့က တင်စားကြပါသေးတယ်။ သင့်ရဲ့ ပရိဘောဂတွေ ပိုင်ဆိုင်မှုတွေ၊ ပြီးတော့ သင်ကိုယ်တိုင်ကိုပါ ပတ်ဝန်းကျင်မှာ ဘယ်လိုနေရာချထားတယ် ဆိုတာကနေ သင့်နေ့စဉ်ဘဝ ကြုံတွေ့မှုတွေရဲ့ အခြေအနေ အရပ်ရပ်ကိုပါ ဆုံးဖြတ်ချက် ချပေးနိုင်ပါတယ်။ ဒါကြောင့် ဖုန်းရွှေက သင်ကိုယ်တိုင်ရော၊ သင့်ပတ်ဝန်းကျင်ကိုပါ ပြန်လည်သုံးသပ်နိုင်အောင် ဖန်တီးပေးတဲ့ ထူးခြားတဲ့ နည်းလမ်းတစ်ခုလို့လည်း ဆိုနိုင်ပါသေးတယ်။ သင်နဲ့ သင့်ပတ်ဝန်းကျင်ကြားမှာ သဟဇာတဖြစ်ဖို့၊ သက်တောင့်သက်သာဖြစ်ဖို့၊ စည်းစနစ်ကျနဖို့ တခြားနည်းလမ်းတွေက ဆောင်ရွက်ဖို့ ခက်ပေမယ့် ဖုန်းရွှေက ဆောင်ယူဖန်တီးပေးနိုင်ပါတယ်။

သဘာဝတရားနဲ့ လိုက်လျောညီထွေ နေထိုင်ပြီး နေ့စဉ် တိုးတက်မှုတွေ ရှိအောင် ဖန်တီးပေးတဲ့ ဒီနည်းစနစ်ကို ရာစုနှစ်ပေါင်းများစွာ ပညာရှင်တွေ လက်တွေ့အသုံးချခဲ့ကြပါတယ်။ ဒါကြောင့် ဖုန်းရွှေဟာ အခြေအမြစ်ရှိပြီး လက်တွေ့ကျတဲ့ ပညာ ဖြစ်တာကြောင့် သင့်ရဲ့နေထိုင်၊ လုပ်ကိုင်မှုတွေကို ကူညီတည့်မတ်ပေးနိုင်တယ် ဆိုတာကို ယုံကြည်လိုက်ပါတော့လို့ ဆိုချင်ပါတယ်။


အင်မတန်မှ ရှုပ်ထွေးလှတယ် ဆိုတဲ့ ဖုန်းရွှေပညာကို လျှပ်တစ်ပြက် လေ့လာရအောင်။ ဖုန်းရွှေပညာမှာ အဓိကကျတဲ့ ချိ (氣 - qi) ဓာတ်ကို တိုးမြှင့်စေတဲ့ နည်းစနစ်လေးတွေပါ။ နေ့စဉ်တွေ့မြင်နေကျ သာမန် အသုံးအဆောင် ပစ္စည်းလေးတွေနဲ့ သင့်ရဲ့ အိမ်ထဲကို ကောင်းမွန်တဲ့ ချိဓာတ်တွေ ရောက်လာစေနိုင်ပါတယ်။

=====================================

 
ကြည့်မှန် (Mirror)

ကိုယ့်အိမ်နဲ့ မျက်နှာချင်းဆိုင်မှာ ကိုယ့်အိမ်ထက်ပိုပြီး အရှိန်အဝါကြီးတဲ့ အဆောက်အဦ တစ်ခုရှိနေတယ်၊ ဒါမှမဟုတ် လူစည်ကားတဲ့ လမ်းမတွေ ရှိနေတယ် ဆိုရင် ချိဓာတ်တွေ လွန်ကဲနေတတ်ပါတယ်။ ဒီအခါမှာ ကြည့်မှန်ကို တံခါးမှာမှာ ချိတ်လိုက်ချင်းဟာ အတွေ့ရများတဲ့ လက်တွေ့ ဖုန်းရွှေပညာရပ် တစ်ခုပါပဲ။

အခြားတစ်ဘက်မှာတော့ ကြည့်မှန်ကို အိမ်ထဲမှာ ချပြီး အိမ်ရဲ့ ပြင်ပမှာ ရှိနေတဲ့ မိမိ လိုအပ်တဲ့ ဓာတ်ကို အိမ်ထဲကို ဖမ်းယူထည့်သွင်းခြင်းဟာလည်း နည်းဗျူကောင်း တစ်ခု ဖြစ်ပါတယ်။ နမူနာဆိုရမယ် ဆိုရင် သင့်အိမ် အပြင်ဘက်မှာ ရှိနေတဲ့ လှပတဲ့ ပန်းခြံလေးကို ကြည့်မှန်ရဲ့ အကူညီနဲ့ အိမ်ထဲကို ပုံရိပ်ဟပ်လာအောင် ဖန်တီးနိုင်ခြင်းပါ။

=====================================
 
ငါးကန် (Aquarium)

ရိုးရိုးစင်းစင်း ငါးကန်လေးတစ်ခုဟာ သင့်အိမ်ထဲမှာ ရှိနေတဲ့ ရေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဒါဟာ ချိဓာတ်၊ စည်းစိမ်နဲ့ ကြွယ်ဝခြင်းတွေကို ဆွဲဆောင်နိုင်ပါတယ်တဲ့။

တကယ်လို့ သက်ရှိ ငါးကန်တစ်ခုကို သင်ဖန်တီးဖို့ အဆင်မပြေဘူး ဆိုရင် အစားထိုးအနေနဲ့ ရေနဲ့ဆိုင်တဲ့ ရှုခင်းပန်းချီ၊ ရေတံခွန်ပုံ စတာတွေကိုလည်း ချိတ်ဆွဲနိုင်ပါတယ်။ ဒါဟာလည်း အိမ်ဂေဟာမှာ နေထိုင်သူတွေရဲ့ အမြင်မှာ လိုအပ်နေတဲ့ ရေဓာတ်ကို ဖြည့်ဆည်းပေးခြင်း တစ်နည်းပါပဲ။

=====================================

သက်ရှိအပင်များ (Living Plants)

ပန်းပင်တွေ၊ ပန်းအိုးတွေ ထားခြင်းဟာ နေအိမ်ရဲ့ သစ်သားဓာတ်ကို တိုးမြင့်စေပါတယ်။ သင်အိမ်ရဲ့ ဧည့်ခန်းနဲ့ ထမင်းစားခန်းတွေရဲ့ မှောင်နေတဲ့ ထောင့်၊ ချောင်တွေမှာ ပန်းအိုးထားလိုက်ခြင်းဖြင့် တောက်ပလင်းလက် လာစေနိုင်ပါတယ်။ ဒီအခါမှာ သစ်ပင်တွေကို အမြဲတန်း လန်းဆန်း စိမ်းစိုနေအောင် ဂရုစိုက်သင့်ပါတယ်။

(သက်ရှိအပင်တွေဟာ အိပ်ခန်းနဲ့ မီးဖိုချောင်အတွက်တော့ မသင့်လျော်တာကြောင့် အဲဒီနေရာတွေမှာ မထားသင့်ပါဘူး)

=====================================
  
ဖယောင်းတိုင်နှင့် မီးများ (Candles and Lights)

အလင်းလွှတ်တဲ့ အရာဝတ္ထုတွေဟာ သင့်အိမ်အတွက် မီးဓာတ်ကို တိုးမြင့်စေပါတယ်။ အရမ်းလင်းပြီး တောက်ပတဲ့ မီးတွေကို အသုံးမပြုသင့်ပါဘူး။ ဒါတွေဟာ သင့်မျက်စိနဲ့ ကောင်းမွန်ုခြင်း တရားတွေကို ပျက်စီးစေပါတယ်။

အလင်းအားပျော့တဲ့ မီးရောင်တွေဟာ စိတ်ကို နူးညံ့စေပြီး ကောင်းတဲ့ကံတွေကို ယူဆောင်ပေးပါတယ်။ သင့်အိမ်ရဲ့ မှောင်နေတဲ့ ထောင့်တွေ၊ အလင်းအားနည်းတဲ့နေရာတွေမှာ ဖယောင်းတိုင် ထွန်းခြင်းဖြင့် လင်းလက်နေပါစေ။ ဖယောင်းတိုင်တွေဟာ Irregular Shape ဆိုတဲ့ ထောင့်မှန်မကျတဲ့ အခန်းတွေအတွက် ချိဓာတ်ကို မျှတအောင် ဖန်တီးပေးတဲ့နေရာမှာ အင်မတန်မှ အသုံးတည့်ပါတယ်။

=====================================

ဖန်တုံးများ (Crystals)

ဖန်တုံး (Crystals) တွေ အသုံးပြုပြီး သင့်အိမ်ရဲ့ မြေဓာတ်ကို တိုးမြင့်စေနိုင်ပါတယ်။ ဖန်တုံးတွေဟာ အလင်းပြန်စေတဲ့အတွက် ချိဓာတ်တွေကို သင့်အိမ်အတွင်းထဲကို ကူညီဖြန့်ကျဲပေးတဲ့နေရာမှာ အသုံးကျပါတယ်။

နံနက်ခင်း နေရောင်အလင်း အောက်မှာ ဖန်တုံးတွေကို ချိတ်ဆွဲထားခြင်းဟာ အတော်လေး ကောင်းမွန် မြင့်မြတ်ပါတယ်။

=====================================

ဆည်းလည်းနှင့် ခေါင်းလောင်းများ (Wind Chimes and Bells)

သတ္ထုတွေနဲ့ အလှဆင် ဖန်တီးထားတဲ့ ဆည်းလည်း၊ ခေါင်းလောင်း စတာတွေဟာ သတ္ထုဓာတ်ကို ဖြစ်တည်စေတဲ့ အရာတွေပါ။ ဒါ့အပြင် ဆည်းလည်းတွေ၊ ခေါင်းလောင်းတွေဟာ လေနဲ့ ဆက်သွယ်နေတဲ့ အတွက် သင့်အိမ်၊ အိပ်ခန်းထဲကို ချိဓာတ်တွေ ရောက်ရှိလာစေနိုင်ပါတယ်။

ပြုတင်းပေါက်တွေ၊ ဝင်ပေါက်တွေမှာ ဆည်းဆည်းချိတ်ဆွဲတာမျိုး လုပ်လေ့ရှိပြီး ခေါင်းပွ (Hollow) ဆည်းလည်းတွေကိုတော့ ချိဓာတ်ကို အထက်သို့ တက်ရောက်စေလိုတဲ့အခါမှာ အသုံးချနိုင်ပါတယ်။
Tag : chinese, Craft
0 Komentar untuk "ဖုန်းရွှေအကြောင်း တစ်စေ့တစ်စောင်း"

MM-Search. Powered by Blogger.
Back To Top