.

သမိုင်းထဲက မြန်မာလောကီပညာ

ဒေါက်တာသန်းထွန်းက " မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ " စာတမ်းငယ်ကိုပြုစုရေးသားတဲ့အခါ ဗဒုံမင်းလက်ထက်ကို အထူးကိုးကားခဲ့တယ်လို့ဆိုပါတယ်။ အကြောင်းရင်းကတော့ မြန်မာတွေရဲ့ အခေါင်အထွတ် ကို ရောက်တဲ့အချိန်ဖြစ်လို့ပါတဲ့။

မြန်မာ့သမိုင်းတစ်လျှောက်မှာ မြန်မာတွေ လောကီပညာကို ဘယ်လောက် အားကိုးတယ်ဆိုတာ ဖော်ပြလိုတဲ့ရည်ရွယ်ပြီး ရေးသားတင်ပြသွားတယ်ဆိုပေမယ့် ပဒုံမင်းလက်ထက် ခေတ်တစ်ခေတ်တည်းကိုသာပြောသွားတယ်။ ဒီတော့ ကျန်တဲ့ခေတ်ကာလတွေအတွက် မင်းတို့လူငယ်တွေဆက်လုပ်ကြဆိုတဲ့သဘော သက်ရောက်သွားပါတယ်။ ဒီအလုပ်ဆက်လုပ်ဖို့ဟာ အပြောလွယ်သလောက် တကယ့်လက်တွေ့မှာတော့ အချက်လက်ရှာရတာခက်ခဲပြီး အင်မတန် ဝိရောဓိဖြစ်စေနိုင်တဲ့ အလုပ်ဖြစ်နေပါတယ်။

မြန်မာတွေအတွက် လောကီပညာဟာ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ၊ အတိတ်၊ နိမိတ် ၊ တဘောင်၊ စနည်း ၊ ဘဝေါ ဆိုပြီးရှိပါတယ်။ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ စတာတွေကို ပထမအုပ်စု ၊ ဗေဒင် ယတြာကို ဒုတိယအုပ်စု ၊ နိမိတ် ၊ တဘောင် ၊ စနည်း ၊ ဘဝေါ စတာတွေကို တတိယအုပ်စုဆိုပြီးအုပ်စု သုံးစုခွဲလို့ရမယ်ထင်ပါတယ်။ လူပြောသူပြောသိပ်များတဲ့ ဆေးမင်ကြောင်ဟာ ပထမအုပ်စုထဲကဖြစ်ပြီး ၊ ဥစ္စာပစ္စည်း ဘယ်မှာမြုပ်ထားတယ်ဆိုတာကိုညွန်းတဲ့ သိုက်စာကို ဒုတိယအုပ်စုထဲထည့်ပါမယ်။

လောကီပညာကို မှော်ပညာလို့ခေါ်ပြီး သိုးဆောင်းဘာသာစကားနဲ့ပြောတော့ Magic ။ ဖရေဇာ (J.G Frazer) ကဖြင့် လောကီပညာဆိုတာ တူရာတူကြောင်းဖြစ်တယ် (Homeopathic Magic) နဲ့ ထိထားလို့အကျိုးတူကူးစက်တယ် ( Contagious Magic ) ဆိုပြီးအခြေခံ နှစ်မျိုးရှိတယ်လို့ဆိုပါတယ်။ ဒါကိုအလွယ်ပြောတဲ့အခါ ဖြစ်ချင်တာကို အတုလုပ်ခြင်း (Imitation) နဲ့ အစွမ်းထက်မြက်တဲ့ပစ္စည်းကို ထိကိုင်ထားလို့ ကိုယ့်မှာလည်း အစွမ်းတိုးတက်လာခြင်း(Contagion) ဆိုပြီးပြောရပါမယ်။

လောကီပညာ မှော်ပညာဆိုတာ ယုံကြည်မှုကိုအခြေခံကာ ဖြစ်တည်လာခြင်းဖြစ်ပြီး သမိုင်းမတင်မှီခေတ်ကာလကတည်းကရှိခဲ့တယ်လို့ ယူဆနိုင်ပါတယ်။ လွန်ခဲ့တဲ့အနှစ်တစ်သောင်းကျော်ကဖြစ်တဲ့ ပြဒါးလင်းဂူ ( ပဒတ်လိုဏ်ဂူ ) နံရံပေါ်မှာရေးခဲ့တဲ့ အရုပ်တွေထဲက သမင်ရုပ် ၊ နွားရုပ် နှင့် မှော်ဆရာရုပ်တွေဟာ သာမန်ရိုးရိုး အရုပ်တွေမဟုတ်ပါ။

မှော်ဆရာက ရွတ်ဖတ်ပြီး အရုပ်ကိုလှံနဲ့ထိုးကြရင် နောက်တစ်နေ့ အမဲလိုက်တဲ့အခါ သားကောင်တွေရမယ်လို့ ယုံကြည်ချက်မှုနဲ့ ဂူနံရံမှာရေးဆွဲခဲ့တာဖြစ်မယ်လို့ ခန့်မှန်းကြပါတယ်။ ဒါဟာ အတူကိုအတုလုပ်တဲ့ (Sympathetic Magic) မှော်အတတ်လို့ ထင်မြင်ချက် ပေးထားပါတယ်။ အဲဒိ လောကီပညာဆိုင်ရာ ယုံကြည်မှုဟာ ယနေ့ခေတ်သစ်မြန်မာ့ယဉ်ကျေးမှုမှာတောင် ရှိနေပါသေးတယ်။ ဥပမာပြောရရင် " ကြွေးတင် ရှင်ဘုရင်ဆပ် " စကားနဲ့အတူ အိမ်မှာ ဘုရင်နဲ့ မိဘုရားပုံ ချိပ်ဆွဲထားတက်သလိုမျိုးပါ။

ပညာရှင်တချို့က မြန်မာ့လော့ကီပညာဟာ သရေခေတ္တရာ ခေတ် လောက်ကတည်းက စတယ်လို့ဆိုပါတယ်။ ဒေါက်တာသန်းထွန်းရဲ့ မြန်မာ့သမိုင်းပုံစာအုပ်ထဲက " ပျူ " စာတမ်းငယ်ထဲမှာတော့ ပျူတွေဟာ သူတစ်ပါးအသက်မသတ်လိုလို့ ပိုးထည်မဝတ် ၊ သို့သော် ဗေဒင်မေးဝါသနာပါတယ် လို့ဆိုထားပါတယ်။ ကိုးကားစရာအထောက်ထား နည်းပါးလွန်းတဲ့အတွက် သရေခေတ္တရာ ပျူခေတ် ကတည်းက မြန်မာ့လော့ကီပညာဟာ စနေပြီလို့ပြောရင် သိပ်ရဲတင်းလွန်းရာကျပါမယ်။

ပညာရှင်တချို့ကဆိုတယ်။ လောကီပညာရပ်တွေဖြစ်တဲ့ အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ၊ ဆေးမင်ကြောင် ပညာတွေဟာ ပုဂံခေတ်အစောပိုင်းမှာ ဆိုးသွမ်းတယ်လို့အဆိုရှိတဲ့ အရည်းကြီးတွေရဲ့ပညာရပ်ဖြစ်ပါတယ်တဲ့။ အရည်းဆိုတာ ရဟန်းကိုခေါ်တာဖြစ်ပြီး မြေဝယ်တဲ့အခါ သေပွဲကျင်းပပြီး ကိစ္စဖြတ်လေ့ရှိတယ်ဆိုတာလောက်သာ ကျောက်စာတွေမှာတွေ့ရတယ်။ ဒီတော့ ရဟန်းတွေဟာ သေရည်သောက်တယ်ဆိုတဲ့အချက်ကိုသာ လက်ခံစရာရှိတယ်။ လူတချို့ဆိုသလို မိုက်ရမ်းဆိုးသွမ်းတဲ့အပြုမှုမျိုးရှိတယ်ဆိုတဲ့ မှတ်တမ်းမျိုးမတွေ့ရှိသေးပါ။

ကျောက်စာထဲမှာလည်းတွေ့ရပြီး ဖြစ်နိုင်တာကို ခန့်မှန်း ( Studies Guess )ပြောရရင် မြန်မာတွေရဲ့ ပထမရွှေခေတ် ပုဂံ ၁၁ ရာစုလောက်မှာတော့ လောကီပညာ အားကောင်းစပြုနေပါပြီ။ ပုဂံဟာ စီးပွါးရေး ၊ နိုင်ငံရေးအင်အားတောင့်တင်းလာတဲ့အတွက် မိမိတို့ကောင်းမှုကုသိုလ် ဘုရားပုထိုးတည်ရာမှာလည်းကောင်း ဗိသုကာလုပ်ငန်း၊ ဆောက်လုပ်ရေးလုပ်ငန်း ၊ လယ်ယာလုပ်ငန်း၊ လက်မှုလုပ်ငန်းတွေမှာ အသုံးပြုဖို့ အန္ဒိယသား လုပ်သားတွေတင်သွင်းနေရပါပြီ။

အခါပေး ပုဏ္ဏား ဟူးရားတွေဟာ ဘုရင့်နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ အဓိက ဦးစာပေး ပညာရှင်တွေ ဖြစ်နေပါပြီ။ တနည်းပြောတော့ သူတို့ဟာအဆင့်မြင့် လောကီပညာရှင်တွေပါပဲ။ သူတို့နှင့်အတူတပါတည်း တင်သွင်းမိရက်သားဖြစ်နေတာက ဟိန္ဒုအယူဝါဒ နဲ့ လောကီပညာ ဆိုင်အတတ်ပညာတွေပါဘဲ။ အတွင်း အပြင်မှာရှိတဲ့ အနုပညာလက်ရာတွေကိုကြည့်ပြီးနောက်မှာတော့ ယခုအခေါ် နန်းဘုရား ၊ စေတနာကြီးဘုရားတို့ဟာ ပုဂံခေတ် အန္ဒိယသားတို့ ဝတ်ပြုကိုးကွယ်ရာ ဟိန္ဒုနတ်ဘုရားကျောင်းတွေဖြစ်တယ်ဆိုတာ ဖြစ်နိုင်ခြေ ရာနှုန်းပြည့်နီးပါးရှိပါတယ်။

ရာဇဝင်စာအုပ်တွေထဲမှာတော့ မနုဟာဘုရင် ဟာ ဗျတ်ဝိကိုသတ်ပြီ မြို့ရိုးပေါ်မှာ မြှုပ်တယ်။ သထုံမြို့ကိုပတ်ပြီး သွေးစက်တွေကိုချတဲ့အခါ အစိမ်းသရဲအဖြစ်နဲ့ မြို့ကို စောင့်ရှောက်ရတယ် လို့ ဆိုတယ်။အနိရုဒ္ဓ ( အများအခေါ် အနော်ရထာ ) (၁၀၄၄- ၁၀၇၇ ) သထုံကိုသွားတိုက်တဲ့အခါ အခိုင်မာခုခံသည်ကတစ်ကြောင်း မြို့ရိုးပေါ်မှာ မြှုပ်ထားတဲ့ အစိမ်းသေသရဲ ဗျတ်ဝိကခုခံတဲ့အခါ အလွယ်တကူတိုက်၍မရ လို့ဆိုပါတယ်။

မနုကျယ် ဓမ္မသတ် မြီးခန်းမှာတော့ မြို့စတေးခံရမယ့် လူဆီက ကြွေးမတောင်းရလို့ပါပြီးဖြစ်နေပါတယ်။ ဟုတ်မဟုတ်သေချာမပြောနိုင်ပေမယ့် မြို့ရိုး၊ ကျုံး ၊ နန်းတော်တည်ဆောက်တဲ့အခါ လူသတ်ပြီးစတေးတယ်ဆိုတာတော့ လူပြောသူပြောများတဲ့ လောကီပညာရပ် တစ်ခုအပါဝင် ဖြစ်နေပါတယ်။

ထီးလှိုင်မင်း ( ၁၀၈၄- ၁၁၁၃) (အများအခေါ် ကျန်စစ်သား) နန်းတက်ပြီး တစ်ဆယ့်ခုနှစ် နှစ်အကြာမှာ နန်းတော်သစ်တည်ဆောက်ပါတယ်။ နန်းတော်တည်ဆောက်ပုံအသေးစိတ်ကို မွန်ဘာသာနဲ့ ကျောက်စာရေးထိုးမှတ်တမ်းတင်ခဲ့ပြီး ယခု" ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ " လို့ခေါ်ပါတယ်။

အဲဒိနန်းတည်ကျောက်စာဟာ ဗိသုကာပညာ ပန္နနက်တည်ဆောက်ပုံ စတာတွေထက် နေ့စဉ်စီမံတဲ့ အန္တရာယ်ကင်း လောကီအစီရင်တွေကိုသာ အသေးစိတ်မှတ်တမ်းတင်ထားခဲ့တာများပါတယ်။ ဒါဟာ ပုဂံခေတ်ဦးပိုင်းလောကီပညာအကြောင်းမှတ်တမ်းတင်ထားတဲ့ တစ်ခုတည်းသော အခိုင်မာဆုံး မှတ်တမ်းကျောက်စာဖြစ်ပါတယ်။

၎ နိုဝင်ဘာ ၁၁၀၁ မှ ၉ မေ ၁၁၀၂ အထိ နန်းတော်တည်ဆောက်ချိန် ၆ လကြာတယ်။ တည်ဆောက်ချိန်ခြောက်လဆိုပေမယ့် တည်ဆောက်မှုမှာ ပါဝင်သူတွေအားလုံးဟာ နေ့စဉ်ရက်ဆက်လုပ်ငန်းခွင်ဝင်ရတာမျိုးမဟုတ်ပါ။ လောကီပညာရှင် ဗေဒင်ပညာရှင် ပုဏ္ဏား ဟူးရားတွေရဲ့ တွက်ချက်မှုအရ အခါတော်ပေးတဲ့နေ့ရက်တွေအတိုင်းသာ တသဝေမတိမ်း လုပ်ရပါတယ်။ တည်ဆောက်ပုံအစ အဆုံးအသေးစိတ်ကို ဒေါက်တာသန်းထွန်းရဲ့ ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာစာတမ်းမှာဖတ်ပါ။ ဒီနေရာမှာတော့ စိတ်ဝင်စားစရာ လောကီအစီရင်တချို့ကိုသာရည်ညွန်းသွားပါမယ်။

၎ နိုဝင်ဘာ ၁၀၁၁ ။ ။ တည်ဆောက်မှုမှာပါဝင်တဲ့ သံပျင်ကြီး၊ သံပျင်ငယ်၊ ကလန် ၊ သူကြီး ၊ ယင်သင် ၊ ပုဏ္ဏား ၊ ဟူးရား ၊ ဗိသုကာ နဲ့ ဝေါထမ်းပုဏ္ဏား များ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ရတယ်။ မွန်လူမျိုး ၁၂၆ ယောက် ၊ မြေကာလသားအိုး ၁၂၀ ။ ဗိဿနိုး နတ်မင်းကိုပူဇော်။ ကောင်းမြတ်တဲ့အချိန်ကြရောက်ပြီလို့ စည်တီး။ နေ့သုံးဗဟိုရ် မှာတစ်ဆယ့်ခုနှစ်ဌာနတွေမှာရေဆေး။

၅ နိုဝင်ဘာ ၁၀၁၁ ။ ။ ရေဆေး ရေပက်တစ်ကြိမ်ထပ်ပြီးလုပ်။

၆ နိုဝင်ဘာ ၁၀၁၁ - ၂၄ ဇန်နဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဇန်နဝါရီ ၁၁၀၂ ။ ။ နောက်ထပ်တစ်ကြိမ် ရေဆေး ရေပက်လုပ်။

၂၆ ဇန်နဝါရီ ၁၁၀၂ - ၂၂ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၃ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ဝေါထမ်းပုဏ္ဏားများ အတွင်းအင်္ကျီတို ၊ အပြင်အင်္ကျီရှည် နဲ့ ပုဆိုးဖြူဝတ်ပြီးရေခတ်ဆင်း။ ပန္နက်ရိုက် ရွှေကြိုးတား။

၂၄ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ တစ်ဗဟိုလ် တစ်နာရီ (စက်နာရီ ၉ နာရီ ၂၄ မိနစ်) မှာ အပြင်နက္ခတ်ကိုကြည့်ပြီး အတိတ်ကောင်း နိမိတ်ကောင်းဖတ်၊ စာနဲ့ရေး။ ရဟန်းတွေ ပရိတ်ရွတ်။

၂၅-၂၇ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၈ ဖေဖော်ဝါရီ ၁၁၀၂ ။ ။ ရွှေကာလသားအိုး ၈လုံး၊ ငွေကာလသားအိုး ၈လုံး၊ ကြေးကာလသားအိုး ၁၀၈လုံး။ ဓားလွယ်ကိုင်ထားတဲ့ မြန်မာနဲ့ အိုးကိုပွေ့ကိုင်မယ့်လူတွေက ပုဆိုးဖြူဝတ်ပြီး၊ ပေါင်းဖြူဆောင်း။

၁ မတ် ၁၁၀၂ ။ ။ နံနက် ၁၁နာရီ ၁၆ မိနစ်မှာ မဟာထေရ ၊ ရှင်အရဟံနဲ့ ပရိတ်ရွတ်သံဃာ ၈၁၀၈ပါးပရိတ်ရွတ် ၊ ခေါင်းဆောင် မဟာထေရှိပါးအတွက် ဖျာရှစ်ချပ်၊ ပန်းရေးပုဆိုး ၈ ထည်။ တူရွင်း ၈ ချောင်း။ ကာလသားအိုး ၁၀၈ လုံး။ ခရုသင်း ၁၀၈ခု။ ဖျာ ၁၀၈ ချပ်။ ပန်းရေးပုဆိုး ၁၀၈ထည်။ တူရွင်း ၁၀၈ ချောင်း။

၂ မတ် ၁၁၀၂ ။ ။ တနင်္ဂနွေနေ့ တစ်ဗဟိုရ်(နံနက် စက်နာရီ ၉နာရီတိတိ) ဥသျှစ်ရွက်နီဏ္ဍာန် ရွှေပြားခတ်တဲ့ အဆင်းတန်ဆာဝတ် ပုဏ္ဏားသမီးပျိုတွေက ချည်မျှင်ကိုယူပြီး ၊ သံဗျင်ပြဇျာ လင်္ကာရကတန်းထိုးပြီး ပန္နက်တိုင်တွေမှာရစ်ပတ်။

၃ မတ် ၁၁၀၂။ ။ကြေးကာလသားအိုး ၃၃ လုံး၊ ဖျာ ၃၇ ချပ်၊ ငှက်ပျောပွဲ ၃၇၊ ကာလသာရေအိုး ၁၄၈ လုံး၊ ရွှေပန်း ၃၇ ကုံး၊ ဆီမီး ဒေါင်းလန်း ၃၇ခု၊ သံဘုတ်ဒေါင်းလန်း ၃၇ ၊ နေစာမြက်ထည့် ခရုသင်း ၃၇ လုံး။

၎ - ၆ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ မတ် ၁၁၀၂ ။ ။ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံ ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်း။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်း။

၈ မတ် ၁၁၀၂ ။ ။ စနေနေ့ သုံးဗဟိုရ် ( စက်နာရီ ညနေသုံးညာရီ ) သံဗျင် ကကာင်္သူရ် ၊ သံဗျင် ရာဇိသူရ်၊ သံဗျင် ရိပုသဒ္ဒနော၊ သံဗျင် မဟာဆတ္တိ၊ သံဗျင် သံဗျင်ပြဇျာ လင်္ကာရ ၊ ပုဏ္ဏား ဟူးရားတို့က နန်းရင်ပြင်လေးဘဲအစပ်မှာ နိဓိ(ရတနာအိုး) ကိုပုဆိုးဖြူထုပ်ပြီးမြှုပ်။

၉-၁၁ မတ် ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၂ မတ် ၁၁၀၂ ။ ။ ပြာသာဒ်ကြီးကြငှန်းတိုင် တွင်းတူး။ ခပြင်ဆင်ကပ်တိုင် လေးတိုင်စိုက်။ ၃ ဗဟိုရ် ၂ နာရီ (စက်နာရီ ညနေ ၅ နာရီ) မှာထောင့်တိုင်တွေစိုက်ထူ။

၁၃ မတ် ၁၁၀၂ ။ ။ သောကြာနေ့ နံနက်စောစော ၅ နာရီ ( စက်နာရီ ၇ နာရီ ) လှေကားလေးဖက်တပ်ဆင်။ အရပ် ဆယ်မျက်နှာကို ရှစ်ခိုး။

၁၄ မတ် - ၆ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၇ ဧပြီ ၁၁၀၂ ။ ။ တနင်္လာနေ့ လေးဌာနဘေးတိုင်တွေကို ထွင်းဖောက်။

၈ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၉ ဧပြီ ၁၁၀၂ ။ ။ ဗုဒ္ဓဟူးနေ့ သီဟန ပလ္လင်ထားဖို့ရာ ပြသာဒ်ကြီး လေးမျက်နှာ လှေကားတပ်ဆင်။

၁၁ ဧပြီ ၁၁၀၂ ။ ။ လှေကားတပ်ဆင်ပြီး။

၁၂-၁၅ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၁၆ ဧပြီ ၁၁၀၂ ။ ။ ဗလိနတ်စာကျွေး ၊ ဗိဿနိုးနတ်မင်းပူဇော်။

၁၇-၂၄ ဧပြီ ၁၁၀၂ ။ ။ အခါတော်မပေးတဲ့အတွက် တည်ဆောက်ရေးလုပ်ငန်းခွင်ရပ်နား။

၂၅ ဧပြီ ၁၁၀၂ ။ ။ သောကြာနေ့ တိုင်ဖို ၊ တိုင်မအားလုံးစိုက်ထူပြီး။

၂၆ ဧပြီ - ၅ မေ ၁၁၀၂ ။ ။ ပူဇော်ပွဲထပ်လုပ်။

၉ မေ -၁၁၀၂ ။ ။ ဗိဿနိုးနတ် ပူဇော်။ သီဟန ပလ္လင်အချောသတ် ပြီးစီး၊ ရွှနန်းတော်တည်ဆောက်မှုအပြီးသတ်။
အထက်ဖော်ပြပါအချက်တွေဟာ နန်းတော်တည်ဆောက်မှုလုပ်ငန်းတွေထဲကမှ စိတ်ဝင်စားစရာတချို့ ဖြစ်ပါတယ်။ နန်းတည်ကျောက်စာအရ နန်းတော်တည်ဆောက်မှုဖြစ်စဉ်တစ်ခုလုံးကို လေ့လာတဲ့အခါ လောကီအစီရင်တွေကသာလွမ်းမိုးထားတာတွေ့ရပါတယ်။

ထီးလှိုင်မင်းဟာ ပိဋကတ် သုံးပုံအလှူရှင် ဗုဒ္ဓဘာသာဝင်ဖြစ်ပြီး ရှင်အရဟံလို ဆရာကောင်း မျိုးအနားမှာရှိနေပါလျှက် နန်းတော်ဆိုင်ရာ အခန်းနားတွေမှာ လောကီအစီရင်တွေကို ပိုပိုသာသာ ဦးစားပေးဆောင်ရွက်ခဲ့တာတွေ့ရပါတယ်။

၇ မတ် ၁၁၀၂ မှာတော့ နန်းတော် ၁၀ ဌာနမှာ ရွှေပြား၊ ငွေပြား ၊ ကြေးပြား သုံးပြားစီ မြေမှာမြှုပ်နှံတယ် ။ တိုင်ထူဖို့ တူးထားတဲ့တွင်းထဲမှာ ရွှေပြား ၊ ငွေပြား ၊ ကြေးပြား တွေကိုဖြန့်ခင်းပြီးမြှုပ်ပြန်တယ်။ အစီရင်အားလုံးပြည့်စုံကြောင်း ပုဆိုးပေါ်မှာရေးပြီး၊ တိုင်ရင်းမှာ ပုဆိုးကိုထုပ်စည်းထားတယ်။ အလွယ်ပြောတော့ ဒါဟာ နန်းတော်သစ်တည်ဆောက်ရာမှာ " အင်း " ချ တာဖြစ်ပါတယ်။

လူပြောသူပြောများလှတဲ့ လူသတ်ပြီးစတေးတာမျိုးတော့ မတွေ့ရပါ။ သို့ပေမယ့် မြန်မာ့သမိုင်းမှာ ဒီမင်းဟာ နန်းတော်သစ်တည်ဆောက်ရာမှာ လောကီပညာတွေကို ဦးစားပေးဆောင်ရွက်စေတဲ့ ပထမဦးဆုံး မင်းအဖြစ်မှတ်တမ်းဝင်ပါတယ်။

ဒီလိုနဲ့ လက်ဆင့်ကမ်းလာတဲ့လောကီပညာရပ်ဟာ အဝခေတ်ရောက်တဲ့အချိန်မှာတော့ အင်အားအကောင်းဆုံးနဲ့ ရေပန်းအစားဆုံး အချိန်ကာလဖြစ်လာပါတယ်။ ပြည်တွင်း၊ ပြည်ပ ပညာရှင်အများစုက အဝခေတ်ဟာ မြန်မာ့စာပေယဉ်ကျေးမှု ရွှေခေတ်လို့ ဆိုကြပါတယ်။ နိုင်ငံရပ်ခြားကနေ ပါဠိ၊ သက္ကတဘာသာ ကျမ်းအများအပြား တင်သွင်းလာခြင်းဟာအဓိကအကြောင်းရင်းဖြစ်ပါတယ်။ အဲဒီ ကျမ်းတွေထဲမှာ လောကီပညာရပ်ဆိုင်ရာကျမ်း တွေလည်းပါ ပါတယ်။

ဒီနေရာမှာ တစ်ခုသတိထားရမှာက လူအများပြောနေသလို အင်း၊ အိုင် ၊ ခလဲ့၊ လက်ဖွဲ့ ၊ ဂါထာ၊ မန္တန်၊ ပီယ၊ ဗေဒင် ယတြာ ဆိုင်ရာလောကီပညာရပ်တွေကို လက်ဆင့်ကမ်းလေ့လာလိုက်စားသူတွေဟာ ပုဂံအရည်ကြီးတွေကနေဆင်းသက်တဲ့ တောကျောင်းရဟန်းတွေဖြစ်တယ်ဆိုတဲ့အဆိုပါ။ အမှန်တကယ်တော့ တောကျောင်းရဟန်းတွေသာမက သာမန်ကျောင်းက ရဟန်းတချို့ပါ လေ့လာလိုက်စားပြီး ပေါက်မြောက်အောင်မြင်တဲ့သာတကတွေရှိပါတယ်။မင်းဆရာ ရဟန်းတွေလည်းပါ ပါတယ်။

အဝခေတ်လယ်ပိုင်းမှာ နိုင်ငံရေးမတည်မငြိမ်ဖြစ်တဲ့အခါ ကိုယ့်ရပ် ကိုယ့်ဒေသ လုံခြုံရေးအတွက် ရဟန်းတွေက သာ တာဝန်ယူဆောင်ရွက်ခဲ့ကြပါတယ်။ နောက်တော့ အဲဒီ ရဟန်းတွေကို သံဃာ့ရာဇာလို့ ခေါ်ပြီး တကယ်လည်းဩဇာအာဏာကြီးခဲ့ပါတယ်။ ဒီလို သံဃာ့ရာဇာတွေရဲ့ ကျောင်းတွေဟာ လက်ဝှေ့ ၊ နဘန်း နဲ့ လောကီပညာရပ်ဆိုင်ရာသင်ကြားရေးကျောင်းတွေဖြစ်လာပါတယ်။ ဒီအချက်ကိုယူပြီး ဆေးမင်ကြောင်စတင်ပေါ်ပေါက်လာတာ အဝခေတ်ကတည်းကဖြစ်တယ်လို့ခန့်မှန်းကြတာပါ။

ဒီလိုကျောင်းမျိုးကို ကုန်းဘောင်ခေတ်ရောက်လာတဲ့အခါ ပွဲကျောင်းလို့ အမည်ပေး ခေါ်ဝေါ်တာတွေ့ရတယ်။ နိုင်ငံရေးပြန်လည်တည်ငြိမ်လာသည့်တိုင် တောကျောင်းတွေနှင့် တောကျောင်းပညာရပ်တွေကို ဘုရင်ကိုယ်တိုင်နောက်ကွယ်ကနေ အားပေးအားမြှောက်လုပ်တာမျိုးရှိနေတဲ့အတွက် ကုန်းဘောင်ခေတ်အထိ ပွဲကျောင်းတွေဆက်လက်ရပ်တည်နိုင်လာပါတယ်။

ပုဂံအလွန် အနှစ်တစ်ရာအခြေနေဟာ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလဖြစ်ပါတယ်။ ဒေသတွင်း မင်းမြိုင်တွေအကြား အာဏာလွန်ဆွဲတာတွေအပြင် ပြည်ပရန် နှင့် ရှမ်းတွေအင်အားကောင်းလာတဲ့အချိန်လည်း ဖြစ်တာကြောင့် ဒေသတွင်းတည်ငြိမ်မှုမရှိပါ။ ညီအကို သားအဖ ကြားလုပ်ကြံသတ်ဖြတ်မှုတွေကြောင့်လည်း ခေါင်းဆောင်တွေအကြား တစ်ဦးအပေါ် တစ်ဦးယုံကြည်မှု မရှိကြပါ။ ဒီတော့ လုပ်ကြံပြီး မင်းဖြစ်လာပြီဆိုတာနဲ့ အရင်ဆုံးလုပ်ကြတာက ရာဇပလ္လင်ပေါ် မြဲမြဲကြာကြာ ထိုင်ရဖို့ အဓိကထားလုပ်ဆောင်ကြပါတော့တယ်။

ဒီတော့ လုံခြုံရေးအရ မြို့သစ်တည်တာတို့ မြို့ပြောင်းတာတို့လုပ်လာကြတယ်။

မင်းတွေမြို့ပြောင်းရာမှာ အရေးထားတဲ့အခြားအထိကအချက်တွေကတော့
၁။ စားနပ်ရိက္ခာဖူလုံဖို့ရန် စိုက်ပျိုးဖြစ်ထွန်းရာအရပ် ဖြစ်လိုခြင်း
၂။ နိုင်ငံအုပ်ချုပ်ရေးအတွက် အသက်သွေးကြောဖြစ်တဲ့ အချက်အခြာကျရာအရပ် ဖြစ်လိုခြင်း
၃။ အရေးကြုံပါက ရန်သူကို ခုခံကာကွယ်နိုင်ရန် သဘာဝတရားရဲ့ အားသာချက်ကျရာ အရပ် ဖြစ်လိုခြင်း ( တစ်နည်းပြောတော့ လုံးခြုံရေးအရ အားသာချက် ရယူလိုခြင်း )

စတဲ့အချက်တွေအပေါ်အခြေခံပြီး မြို့တည် မြို့ပြောင်းလုပ်ကြပါတယ်။ သို့ပေမယ့် မင်းဆိုတာက ပြည်သူမရှိဘဲ ရပ်တည်လို့ရတာမျိုးမဟုတ်တော့ မြို့ပြောင်းရာမှာ အများပြည်သူ ရဟန်းရှင်လူတွေရဲ့ သဘောတူကြည်ဖြူမှုရှိဖို့လိုပါတယ်။ ဒီနေရာ ဒီအရပ်ဟာ ငါ့အတွက်လုံခြုံရေးအရ စိတ်မချရလို့ အခြားမြို့ကိုပြောင်းမယ် မင်းတို့လိုက်ခဲ့ရမယ်ဆိုပြီး ပြောင်းခိုင်းလို့ကဖြင့် ရဟန်းရှင်လူတွေက လိုက်နာမယ်မဟုတ်ပါ။ ဒီတော့ မင်းနှင့် မင်းခစားတွေတိုင်ပင်ပြီး လောကီပညာ အတုအယောင်ကို ဖန်တီးရပါတော့တယ်။ အဲဒီ အတုယောင်လောကီပညာကို ဗျာဒိတ်ခန်းလို့ခေါ်တယ်။

ဗျာဒိတ်ခန်းထဲ အဓိကပါတဲ့အချက်တွေကတော့
၁။ ဘုရင် မင်းမြတ်သည် ဘုရားအမျိုး သကျသာကီ မျိုးနွယ်မှဆင်းသက်လို့ မြင့်မြတ်တဲ့အမျိုးဖြစ်သည်။
၂။ ဘုရင် မင်းမြတ်သည် မြတ်စွာဘုရား ဗျာဒိတ်ရမင်းဖြစ်သည်။
၃။ မြို့ပြောင်း မြို့တည်ဖို့ရာ ဟိုယခင်က ဘုရားရှင်ကိုယ်တော်တိုင် ကြွလာပြီး ဗျာဒိတ်ပေးသည်။
၎။ ဤသို့ မြို့ပြောင်း မြို့တည်ခြင်းမှာ သာသနာ့အကျိုး၊ ရဟန်းရှင်လူအကျိုး နှင့် အများသတ္တဝါ ဘေးကင်းရန်ကွာဖို့ရာဖြစ်သည်။
၅။ သို့ဖြစ်ပါ၍ ဗျာဒိတ်ရမင်း ဗျာဒိတ်ရနေရာ ပြောင်းရွှေ့ရာမှာ ကြည်ဖြူစွာနာခံ၍ လိုက်ပါဆောင်ရွက်ရန် အရေးကြီးသည်။

အဲဒီအချက်တွေကိုအခြေခံပြီး မင်းအလိုကျ ဖန်တီးပေးရတဲ့ ဗျာဒိတ်ခန်းတွေဟာ လောကီပညာမဟုတ်တဲ့အတွက် ဒီနေရာမှာ ထပ်ပြီးဆွေးနွေးဖို့လိုမယ်မထင်တော့ပါ။ သို့ပေမယ့် ရှေးကရေးခဲ့တဲ့ ဗျာဒိတ်ခန်းစာတွေဟာ နိုင်ငံရေး ၊ လူမှုရေး နှင့် ဒေသဆိုင်ရာအချက်လက်တွေပေးတဲ့အတွက် အရေးပါတဲ့ ရှေးမှတ်တမ်းအဖြစ် ရှိနေဆဲပါ။ ဗျာဒိတ်ခန်းတွေနှင့် ပတ်သက်ပြီး သမိုင်းသုတေသန ပညာရှင် ဦးထွန်းလှိုင် (ကလောင်အမည် ရွှေကိုင်းသား ) တစ်ဖြစ်လဲ ဦးဇင်း ဦးသောဘိတ ရဲ့မှတ်ချက်ဟာ မှတ်သားဖွယ်ဖြစ်ပါတယ်။

" ကျွန်ုပ်တို့၏ သဘောမှာ ဗျာဒိတ်ခန်းများသည် မြန်မာရာဇဝင်ကို အရည်သွေးတက်အောင် သိဒ္ဓိတင်ပေးခြင်းမျှသာဖြစ်သည်ဟု ဆိုချင်ပါတော့သည်။ သို့သော် ထိုသိဒ္ဓိတင်ပေးမှုညည် သမိုင်းကျကျ မှတ်တမ်းတင်ခံနိုင်လျှင်ကား ကောင်းပါ၏။ ထိုသို့ မဟုတ်ပါက မြန်မာရာဇဝင်၏ အရည်အသွေး ယုတ်လျော့သိမ်ဖျင်းသွားအောင် ပြုလုပ်သည်နှင့် တူနေမည်ကို စိုးရိမ်မိပါသည်" ဆိုပြီး မှတ်ချက်ပေးခဲ့တယ်။

၁၃၅၉ ခုနှစ်မှာ ရှမ်းတွေဝင်လို့ စစ်ကိုင်း ပျက်စီးတယ်။ ၁၃၆၂ နှစ်မှာ ပင်းယကို ရှမ်းတွေထပ်ဝင်လို့ ပျက်စီးပြန်တယ်။ ရှမ်းတွေအင်းအားကောင်းလာပြီး စစ်ကိုင်း ၊ ပင်းယ မြို့တွေကို ဝင်ရောက်ဖျက်စီးပြီးနောက်မှာတော့ မြန်မာတွေ အတော်လေး အားနည်းသွားပါတော့တယ်။ အင်အား စုစည်းမှုဆိုတာထက် မင်းဖြစ်ဖို့ရာကိုသာ အဓိကထားတဲ့အတွက် မင်းပြိုင် မင်းငယ်တွေ အားပြိုင်နေတဲ့အချိန်ဖြစ်တယ်။ ၁၃၄၆ ခုနှစ်မှာ သတိုးမင်းဖျားနန်တက်တယ်။ မင်းဖြစ်လာပြီးနောက် လုံခြုံမှုမရှိတဲ့ ပင်းယမှာ မနေလို့တဲ့အခါ မြို့သစ်တည်ဖို့ မြို့ပြောင်းဖို့ဖြစ်လာပါတော့တယ်။

ပုဂံခေတ်အသုံးပြုတဲ့လောကီပညာဟာ ဗေဒင် ယတြာ ၊ အခါပေး ၊ မြို့တည် နန်းတည်ရာမှာ အင်းချ စတာတွေကသာ ပိုများမယ်ထင်ပါတယ်။ အင်းပြားချတယ် ရွှေအိုး ၊ ရတနာအိုးမြှုပ်တယ်ဆိုတာပြောထားပေမယ့် ဘယ်လိုအင်းမျိုးဆိုတာတော့ ကျောက်စာထဲထည့်ရေးမယ်မဟုတ်ပါ။ အသေချာပြောနိုင်ဖို့ရာ ကျန်စစ်သားနန်းတော်ရာဟောင်းကို ရှာပြီးတူးကြည့်တာမျိုး လုပ်နိုင်ရင်ပိုကောင်းပါမယ်။ လူစတေးတည်ဆိုရင်လည်း လူဦးခေါင်းခွံ လူရိုး ရှာတွေ့ဖို့လိုပါတယ်။

အင်းဝခေတ်ရောက်တဲ့အချိန်မှာတော့ မြန်မာတွေရဲ့ လောကီပညာ အင်း အိုင် ခလဲ့ လက်ဖွဲ့ ဗေဒင် ယတြာဆိုတာတွေဟာ နန်းတွင်းသုံးလောကီပညာရပ် တင်မတော့ဘဲ ရဟန်းရှင်လူ အခြေခံလူတန်းစားတွေအထိ ရေပန်းစားလာပါပြီ။ အတိတ် နိမိတ် တဘောင် စတာတွေကဖြင့် နိုင်ငံရေး ၊လူမှုရေးတို့ကိုဖော်ပြလေ့ရှိတယ်။ တစ်နည်း လူအများနဲ့ ပိုပြီးသက်ဆိုင်လာတဲ့အတွက် နန်းတော်အသိုင်းဝိုင်းတွေမှာ ပိုပြီးလူကြိုက်များပါတယ်။ အဲဒီအထဲမှာ တဘောင် ကောက်ယူပြီး ရှေ့ဖြစ်ဟောတဲ့ အလေ့ထကိုအုပ်ချုပ်မင်းလုပ်သူတွေ အထူးအလေးပေးလေ့ရှိတာကိုတွေ့ရပါတယ်။ တချို့ တဘောင်တွေဟာ လူထုအသံကိုထင်ဟပ်တဲ့အတွက် အဲဒီခေတ် နိုင်ငံရေး လူမှုရေးသုံးသပ်မှုတွေအတွက် အထောက်ကူဖြစ်စေပါတယ်။

သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမဦးဆုံး စစ်ကိုင်းမြို့ ရှိရာရွှေ့ပြောင်း နန်းစိုက်ရန် သင့်၊ မသင့် တဘောင်နာစေတဲ့အခါ

' ထဘီတောင်းစေ ၊ ခြေကောင်းစေ ၊ တဘက်ခါးဆီး၊ ချွေးကြီးတစ်ဖြာ ပန်းမသာ ' ဆိုပြီး တဘောင်ပေါ်တယ်။ တဘောင်ရဲ့ အနက်မှာ ' စစ်မက်ရေးရာ ကြုံတဲ့အခါ အခွင့်မသာ၊ ဒါကြောင့် ထီးနန်အာဏာ တည်မြဲရန်စိတ်မချ ' ဖြစ်ပါတယ်။

ဒီတော့မှ အင်းဝ အရပ်မှာ မြို့သစ်တည်ရန်သင့်မသင့် ဆိုပြီး တဘောင်နာစေတဲ့အခါ

" ပြယာယ်သလော၊ ပြယ်သလော၊ ပြယာယ်သင်တိုင်း၊ မြနှင့် နှိုင်းသည်၊ စောကျိုင်းပတ်စာ နယ်သလော၊ အမွေးတပုံ အခွဆုံကိုရွယ်သလော " ဆိုပြီးတဘောင်ထွက်ပါတယ်။ အလွယ်ပြောတော့ ဒီတဘောင်ဟာကောင်းတဲ့သဘောကိုဆောင်တဲ့အတွက် အဝမြို့ကိုစတည်ပါတယ်။ ဒီလိုနှင့် သတိုးမင်းဖျား ( ၁၃၆၄-၁၃၆၇) ဟာ ပထမ အဝမြို့တည်မင်းဖြစ်လာပါတော့တယ်။

နန်းတော်တည်ဆောက်စဉ် ရှင်ဘုရင်က ယာယီတည်းနန်းနဲ့နေတဲ့အခါ စပါးကြီးမြွှေတွေ့တဲ့အခါ ဤမြစ်ဆုံဝ၌ ပြည်ကြီးဖြစ်၍ သာသနာတော်၏ ထွန်းပရာ ဖြစ်လတံ္တ့ ၊ဤပြည်ကြီးကို မှီ၍ အသက်မွေးသော သူတို့သည်လည်း ချမ်းသာစွာ ဖြစ်လတံ္တ့ ဆိုပြီး နိမိတ်ဖတ်ပါတယ်။

အချက်ခြောက်ချက်ပါတဲ့ " သတိုးမင်းဖျား အိပ်မက်ခန်း " မင်းဆရာ ပတူကြီး သင်္ဃရာဇာ ကိုနိမိတ်ဖတ်စေတဲ့အခါမှာလည်း တူညီတဲ့ နိမိတ်ကောင်းဘဲရပါတယ်။ဒီအိပ်မက်ကို ပထမမောင်းထောင်းဆရာတော်(ရှင်ညာဏ) လူထွက် မင်းတိုင်ပင်အမတ်ကြီး မဟာဓမ္မသင်္ကြန်ကဖြင့် သုံးနှစ်တစ်ကြိမ်စည်ပင်ဝပြောမယ်ဆိုပြီး နိမိတ်ဖတ်ပြန်ပါတယ်။ ဇာတာတော်ပုံရာဇဝင် စာမျက်နှာ ၆၀ ပါ အင်းဝမြို့တည်ဇာတာခွင် အညွှန်းမှာတော့ " ၇၂၆ ခု တပေါင်းလဆန်း (၆)ရက် ၃ နေ့အဝကို သတိုးမင်းဖျား သစ်မြို့တည်သည်။ အတာ ၁၃၆၆ တာ၊ နက္ခတ် ၂၆ လုံး " ဆိုပြီးတွေ့ရပါမယ်။

မြန်မာ့စွယ်စုံကျမ်း အတွဲ(၉) စာမျက်နှာ(၄၁၃)မှာတော့ " အင်းဝမြို့ကို ပထမတည်စဉ်က သတ္တုကြေးနီပြား အင်း(၂) မိုက်ပတ်လည်ကို မြေတွင် အင်း(၁၀၀၀) မြှုပ်စေ၍ ညောင်(၁၀၀၀)စိုက်သည်" ဆိုပြီးတွေ့ရပါမယ်။ ခုလိုလောကီပညာတွေကိုအားကိုးတကြီးလုပ်ပေမယ့် အဝမြို့တည်မင်းဟာ သုံးနှစ်သာသာ သာထီးနန်စိုးစံသွားရတာကိုမှတ်သားဖွယ်တွေ့ရပါတယ်။

အဝထီးနန်းကို တျြာဖျား က ၅စက်တင်ဘာ ၁၃၆၇ ခုနှစ်မှာဆက်ခံတယ်။ ယောက်ဖဖြစ်သူရဲ့ ထီးအရိုက်အရာကိုဆက်ခံတာဖြစ်ပေမယ့် နန်းသိမ်းပြီးနောက် ထုတ်ပြန်တဲ့ ၁၉ ဇွန် ၁၃၆၈ နေ့စွဲပါအမိန့်တော်မှာတော့ သူ့ကိုယ်သူ ဗျာဒိတ်ရမင်းအဖြစ် သိဒ္ဓိတင်ပြီး အမိန့်တော်ထုတ်သွားတာကို မှတ်သားဖွယ်တွေ့ရပါတယ်။ မဆီမဆိုင် မင်းဖြစ်လာပေမယ့် ငါလည်း ဗျာဒိတ်ရမင်းဖြစ်လို့ အရင်မင်းထက်တော့ မညံ့ဘူးလို့ပြောချင်တာဖြစ်တယ်။
 
ရှေ့မှာ အင်းဝ တည်ထောင်သူ တရဖျားပြီးနောက်မှာတော့ နောင်နှစ်ပေါင်း တစ်ရာကျော်ကို ကျော်ပြီးကြည့်ရအောင်။ အတော်အသင့်ပြည့်စုံတဲ့ လောကီပညာရပ်ဆိုင်ရာအမိန့်တော် တစ်ခုတွေ့ပါတယ်။
ညောင်ရမ်းမင်း သီဟသူလက်ထက် ၂၅ ဩဂုတ် ၁၅၉၈ ဘုရင့်အမိန့်တော်တစ်ခုမှာ " သက္ကရာဇ် ၉၆၀ ဝါခေါင်လပြည့်ကျော် ၅ရက် ၅ နေ့မြို့တည်နန်းတော်ဆောက်အခါ တော်ကြုံသည်။ ဘားမဲ့ဆရာတော်ကို လျှောက်ရမည်မှာ မြို့တော်နောက်မျက်နှာ ဓာတ်တံခါးဝယ် ချင်သေ့နှင့် ဟိုင်းထွက်ဟန် ၊ ရှေ့တံခါး တဆူတွင် ဂဠုံနဂါးထွက်ဟန်၊ မြောက်တံခါးတဆူမှာမြွေနှင့်ကျားထွက်ဟန်၊ တောင်တံခါးတဆူ၌ ကြောင်နှင့် ကြွက်ထွက်ဟန်များနှင့် တံခါး၎ရပ်မှာ နောက်ဆင်နှင့် ဂဠုန်၊ ရှေ့ကျားနှင့်ချင်သေ့၊ မြောက်မျက်နှာ ဩောင်း၊ တောင်မြေခွေးနှင့် နဂါးတို့သည် ဝင်သောအရာတို့သည်ကို ယတရာ ပယောဂ ဥပဒေသနှင့်တကွ စီရင်တော်မူပါလျှောက် " ဆိုပြီးတွေ့ရတဲ့အတွက် မြို့တံခါး နှင့် မြို့ရိုးတံခါးတွေမှာ လောကီအစီရင်တွေသေချာချမှတ်စီရင်တယ်ဆိုတာ စုံစုံစေ့စေ့သိရတယ်။

ဒီနေရာမှာ မထင်မှတ်ဘဲ တစ်ခုမှတ်သားရမှာက အချို့နံရံဆေးရေးတွေ သာမန်ရိုးရိုးအလှဆိုတာထက် တစ်ခုခုကို အလေးနက်ဦးတည်ထားတဲ့ လောကီပညာဆိုင်ရာ အစီရင်တချို့ဖြစ်တယ်ဆိုတာမှတ်သားရပါမယ်။ မြို့ဟောင်းအတော်များများက ကျုံးမြို့ရိုးတွေ မကျန်ရစ်ခဲ့အောင် ပျက်စီးသွားပြီးဖြစ်တာကြောင့် လက်ရာတွေဘယ်လိုရှိမယ်ဆိုတာ မမြင်ရနိုင်တော့ပါ။

မြို့တံခါးတွေဟာလည်းဘဲ ထို့အတူဖြစ်တာကြောင့် ပျောက်ပျက်ကုန်ပြီး ဖြစ်ပါတယ်။ ခုတော့ အဲဒီအမိန့်တော်ပါ ဆေးရေးအရုပ်တွေကို သာသနိကဆိုင်ရာ အဆောက်ဦးတွေမှာ လိုက်ရှာဖို့သာရှိတယ်။ ဒါတောင် ထုံးသုတ်ခံရလို့ ကုန်လုနီးပါးရှိနေပါပြီ။

မြို့တော်နောက်မျက်နှာ ဓာတ်တံခါးဝယ် ချင်သေ့နှင့် ဟိုင်းထွက်ဟန် ဆိုတာမှာ ခြသေ့င်္ဟာ ကေသရာဇာဖြစ်တယ်သလို ဘုရင်ဟာလည်းဘဲ ရေမြေ့ရှင်ဖြစ်တယ်၊ ဟိုင်း ဆိုတာမှာ အင်အားကြီးတဲ့ ခွန်အားကြီးတဲ့ ဟိုင်းဆင်ကိုရည်ရွယ်တယ်။ အင်အားကြီးတဲ့ သူရဲကောင်းအခြွေရံကိုရည်ညွန်းတယ်လို့ မှတ်ယူရပါတယ်။ ရှေ့တံခါး တဆူတွင် ဂဠုံနဂါးထွက်ဟန် ဆိုတာမှာ ဂဠုန်ဟာ နာဂါးကိုနိုင်သူဖြစ်တယ်၊ မိမိအစာကို အညှာတာမရှိ တရှိန်ထိုး ထိုးသုတ်ယူငင်ဖျက်စီးတတ်သလို ဤမြို့ရွာကို ဖျက်ဆီးရန်လာသော ရန်သူအပေါင်းတို့ကို တရှိန်ထိုးခြေဖျက်နှိမ်နှင်းမယ်လို့ မှတ်ယူရပါမယ်။

မြောက်တံခါးတဆူမှာမြွေနှင့်ကျားထွက်ဟန် ဆိုတာမှာ မြွေဟာအဆိပ်ပြင်းပြီး အင်မတန်ကြောက်စရာကောင်းတယ်။ ကျားကတော့ဖြင့် ခွန်အားကြီးပြီး ရက်စက်ကြမ်းကျုတ်တယ်။ တောင်တံခါးတဆူ၌ ကြောင်နှင့် ကြွက်ထွက်ဟန်များမှာ ကြောင်ဟာ ပါးနပ်လိမ္မာစွာနဲ့ မိမိအစာကို ဖမ်းယူစားသောက်နိုင်တယ်၊ ကြွက်ကတော့ဖြင့် လျှင်မြန်ပေါ့ပါးပြီး ဉာဏ်ပညာကြီးတယ်လို့ ဆိုလိုချင်သလားမသိပါ။

" ဩောင်း၊ တောင်မြေခွေးနှင့် နဂါးတို့ " တို့ဆိုရာမှာတော့ ဩောင်းဟာ ခန်မာပြီးခွန်အားကြီတယ်၊ တောင်မြေခွေးကတော့ အကြံပိုင်ပြီး ရက်စက်ကြမ်းကျုတ်တယ်၊ နဂါးကတော့ ရှေးအစဉ်လာအရ ယူပြီးပြောတာဖြစ်ပေမယ့် တကယ်မြင်ဖူးဟန်မတူပါ။ အောင်ခြင်းရှစ်ပါးမှာ မြတ်ဘုရားရှင် နာဂါးကိုအောင်မြင်ခန်းပါအတိုင်းပြောရရင် ဒေါသအမျက်ထွက်တဲ့အခါ အာခံတွင်းက မီးတောက်မီးလျှံတွေထွက်ပြီး ရန်မူတတ်တာကြောင့် ကြောက်မက်ဖွယ် သတ္တဝါတစ်မျိုးထပ်တိုးတာပါဘဲ။

ခုလိုအရုပ်ရေးပြီး စီရင်ရာမှာ ဘယ်အရပ်မှာ ဘာရုပ်၊ အရုပ်တွေကို ဘယ်လိုတွဲ ပြီးဆွဲ ဆိုပြီး သေချာတွက်ချက်ယူပြီးမှ အဆောင်အရွက်စေတာမျိုးပါ။ အဲလို စီရင်ရာမှာ လောကီပညာရပ်ဆိုင်ရာ ဥပဒေသတွေဖြစ်တဲ့ ဘယ်အချိန်မှာ ဘာနေ့သားက ဘာနဲ့လုပ်ထားတဲ့ အရာနှင့် ဆွဲရမည် စသဖြင့် အသေချာစီရင်ရပါမယ်။ ထို့အတူ ရဟန်းသံဃာအချို့ ပရိတ်ရွတ်ပေးတာတို့ ၊ ဂါထာ ၊ မန်တန်စုတ်တာတို့ဆိုတာဟာ မဖြစ်မနေလုပ်ပေးရလေ့ရှိတယ်။

ဒီနေရာမှာ တစ်ခုသတိထားရမှာက ဒီလို လောကီအစီရင်တွေလုပ်ဖို့ရာ ဘားမဲ့ဆရာတော်ကို လျှောက်ထားတယ်လို့ အတိအလင်း ဆိုပါတယ်။ ဒီတော့ ဒီလိုလောကီအစီရင်တွေ လုပ်ရာမှာ တောကျောင်းရဟန်းချည်းမဟုတ် မင်းဆရာ ရဟန်းတွေပါ ပါတယ်ဆိုတာကို သတိထားပြီး မှတ်ဖို့လိုပါမယ်။

နောက်ထပ် ထပ်ပြီးတွေ့ရတာက " နံရံကို နရပတေမန်၍ နွားနောက်ရုပ် ကျားရုပ် ပြိုင်းရုပ် ကျွဲရုပ်၊ ပိဿနိုပ်ရုပ် ဘုမ္မစိုဝ်ရုပ် ပရောဟိလေးယောက်တို့ဝ် အရုပ်တို့ကို ဆေးစုံရေးစေ။ ရပ်သစ်တော်ပျားခံ ရွှေတိုင်ထိပ်မှာလည်း ရွှေပျား ငွေပျား အင်းစီရင်ရန်များသည် မဇ္ဈိမထိုက်သော ဠသရ ၆ပြည်ထောင်ပြည်ကြီး တဆယ်ကိုဝ်ပြည်ထောင်မှာ စီရင်သည်က ဥပဒေသက်သေရှိသည်။ ထိုတိုင်းကြီးပြည်ကြီးများတွင် စီရင်သည့် နည်း စီရင်တော်မူရန် မြို့တော် ပတ်လည် ကြေးသွန်းသံလျက် စွဲလျက် ဓါးပြအိန္ဒနတ်ရုပ် ၁၀၀၀။ နန္ဒီနတ်ရုပ်မှာ ဝေသာမိတ္တတောင် ကပ္ပီလ၀တ်မြို့စောင့် ၁၀၀၀။ နတ်ရုပ်များနှင့် ကြေးနီပြား အင်းကျောက်သစ်တာကျောက်အိုဝ်ထားရန် ရွှေပြားငွေပြား ကြေးနီပြား အင်းတော်များကို နှံထားစီရင်ရန် " လို့ပါတယ်။

အဓိကတွေ့ရတဲ့ အစီရင်တွေက
၁။ နွားနောက်ရုပ်
၂။ ကျားရုပ်
၃။ ကျွဲရုပ်
၎။ ပိဿနိုပ်ရုပ် ( Vishnu )
၅။ ဘုမ္မစိုဝ်ရုပ်
၆။ ပရောဟိလေးယောက်တို့ဝ် အရုပ်
၇။ ကြေးသွန်းသံလျက် စွဲလျက် ဓါးပြအိန္ဒနတ်ရုပ် ၁၀၀၀။
၈။ နန္ဒီနတ်ရုပ်မှာ ဝေသာမိတ္တတောင် ကပ္ပီလ၀တ်မြို့စောင့် ၁၀၀၀။ ( နွားလားဥဿဘ ရုပ်)
ဟိန္ဒူ နှင့် ဗြဟ္မဏ ကိုးကွယ်ယုံကြည်မှုအမှတ် လက္ခဏာတွေပါတဲ့ လောကီအစီရင်ပါတဲ့ ဒီအစီရင်တွေကိုကြည့်ပြီးသေချာပြောနိုင်တာက ဒါဟာ အိန္ဒယဘက်က တင်သွင်းလာတယ်လို့ဆိုနိုင်ပါတယ်။
အမိန့်တော်မှာ ထပ်ပြီးတွေ့ရတာက " နတ်ရုပ်များနှင့် ကြေးနီပြားအင်း ကျောက်သစ်တာကျောက်အိုဝ်ထားရန် ရွှေပြား ငွေပြား ကြေးနီပြား အင်းတော်များကိုနှံထားစီရင်ရန် " ဆိုပြီးတွေ့ရတဲ့အတွက် ' အင်း ' ချတဲ့ လောကီအစီရင် မဖြစ်မနေပါတယ်။ ဒီလိုလုပ်တာဟာ လွန်ခဲ့တဲ့အနှစ် ၄၀၀ ပုဂံခေတ်ကတည်းက အားကိုးတကြီးသုံးလာတဲ့ ကောကီအစီရင်တွေပါပဲပြောတယ်။ အင်းတော်များကို စီရင်ရန် သာပြောပြီး စီရင်တဲ့ အင်းအမျိုးစားမပါလေတော့ သေချာအတိကျမပြောနိုင်ပါ။

ဖြစ်နိုင်ခြေရှိတဲ့ အင်းတချို့ရဲ့ နာမည်တွေကိုပြောရရင်
၁။ စမ္ပာနဝနော ကိုးသွယ် အင်း ( စမ္ပာနဝရတ် ကိုးသွယ် အင်းဖြစ်မယ်ထင်ပါတယ်)
၂။ ဥလ္လလိရိအဋ္ဌမုက် အင်း
၃။ သီရိဇေယျ သက်တော်ရှစ်ဆယ် အင်း
၎။ သီရိဇေယျ မဏိလသက်တော်ရှည် အင်း
၅။ သာသနာ ၅၀၀၀ အင်း
၆။ သိရသိံ္မ မေဂါထာ အင်း
၇။ သမ္မုဒ္ဓေအင်း
၈။ သတ္တ ရတနာအင်း
၉။ အဋ္ဌဇေယျမင်္ဂလာအင်း
၁၀။ သုဝဏ္ဏ ဘုမ္မိအင်း စာလုံး ၃၂ လုံး
၁၁။ ပဋာဌာရဏာအင်း
၁၂။ ရှင်ဥပုတ်ပရိတ်အင်း
၁၃။ ဩောင်းနမောနရာနိ အဌာနိအင်း
၁၄။ ဥဒံ္ဓယာဝအင်း
၁၅။ သရနဂုဏ်အင်းအကျယ် ၃
ခုပြောခဲ့တဲ့ အင်းတွေဟာ ၁၆ ရာစုနှစ်လောက်ကနေစပြီး နောက်ပိုင်းတစ်လျှောက်လုံးမြန်မာမင်းတွေ မြို့တည်၊ နန်းတည်ရာမှာ အသုံးများတဲ့ အင်းတွေဖြစ်လို့ နီးစပ်ရာဖော်ပြလိုက်တာပါ။ သာသနာ ၅၀၀၀ အင်း နှင့် သမ္မုဒ္ဓေအင်း တို့ကတော့ လောကီဆိုင်ရာထက် လောကုတ္တရာဆိုင်ရာ အင်းတွေဖြစ်မယ်လို့ မှန်းပါတယ်။

" ထိုမှတပါး အရပ်ရပ်မှ လာလတံ္တ့သော ရန်သူရန်ဘက်တို့ နှောက်ယှက်သော်လည်းကောင်း၊ နီးနီးစပ်စပ်ရောက်သော်လည်းကောင်း ၊ မရောက်မလာဝမ့်စေကြောင်း၊ သတ္တဝါတို့ ခေါင်းကိုချစေ၍ အင်းမျိုဝ်တို့ကို ရေမြေရှင်နှင့် သာသနာတော်အရောင်ဝါတိုးတက်၍ " ဆိုပြီးထပ်တွေ့ရပြန်ပါတယ်။" သတ္တဝါတို့ခေါင်းကိုချစေ၍ အင်းမျိုဝ် " လို့ပြောတာဟာ လူသတ်ပြီးစတေးတာကိုပြောတာလို့ သေချာတပ်အပ်မပြောနိုင်သော်လည်းဘဲ သတ္တဝါတစ်မျိုးမျိုးကို ခေါင်းဖြတ်သတ်ပြီး စတေးတာပါပဲ။

ဒီအချက်ဟာ စိတ်ဝင်စားစရာကောင်းပါတယ်။ အနောက်တိုင်း ပညာရှင်တွေအမြဲစွတ်စွဲလေ့ရှိတဲ့ မြန်မာဘုရင်တွေနန်းတော်သစ် ၊ မြို့သစ်တည်ဆောက်ရာမှာ လူသတ်ပြီးစတေးတယ်ဆိုတဲ့ အဆိုကိုသတိရစေပါတယ်။ အကယ်၍ ဒီဓလေ့ရှိခဲ့တယ်ဆိုပါရင်တောင်မှာ ဒါဟာ မြန်မာတစ်နိုင်တည်းရှိတာမဟုတ်ဘဲ အာရှတိုက်တစ်ခွင်တော်များများ ၊ လက်တင်အမေရိက နှင့် တချို့ အနောက်နိုင်ငံတွေမှာရှိတတ်တဲ့ အလေ့ထဖြစ်တာကြောင့် သိပ်ပြီးဆန်းလှတယ်မဟုတ်ပါ။

အမိန့်တော်ထဲမှာ အသေချာထည့်ပြောထားတဲ့ " သာသနာတော်အရောင်ဝါတိုးတက်၍ " ဆိုတဲ့ အသုံးက ဒီလိုရက်စက်တဲ့လောကီအစီရင်တွေလုပ်တာဟာ သာသနာတော်အကျိုးတွက်လည်းပါတယ် ဆိုပြီး ရဟန်းသံဃာတွေရဲ့ ကန့်ကွက်မှုကရှောင်ရှား ဖို့အကြောင်းပြခြင်းဖြစ်ပါတယ်။ ဒီလိုလုပ်လိုက်တဲ့အခါ အရပ်လေးမျက်နှာ သာယာစည်ပင် ဝပြောလို့ လူအများချမ်းသာမယ်ဆိုပြီး ထပ်ပြောပါသေးတယ်။

ဒီလိုလောကီအစီရင်တွေလုပ်တာဟာ ဘိုးဘေး ဘီဘင် ရှေးဘုရင်တွေလက်ထက် " မဇ္ဈိမထိုက်သော ဠသရ ၆ ပြည်ထောင်ပြည်ကြီး တဆယ်ကိုဝ်ပြည်ထောင်မှာ စီရင်သည်က ဥပဒေသက်သေ ရှိသည်။ ထိုတိုင်းကြီးပြည်ကြီးများတွင် စီရင်သည့် နည်း စီရင်တော်မူရန် " ဆိုပြီး ဘုရင်ကပြောလိုက်တဲ့အခါမှာ ရဟန်းရှင်လူ ပြည်သူအများက ဘာမှတတ်နိုင်တော့မည်မဟုတ်ပါ။

အမှန်တကယ်တော့ ရဟန်းရှင်လူ ပြည်သူတွေအတွက် ဆိုတာထက် မင်းဖြစ်သူနှင့် သားတော်အစည် မြေးတော်အဆက် မြစ်တော် အညွန့် အနွယ်တော် တို့ မင်းလုပ် အုပ်ချုပ်ဖို့ရာသာ အဓိကဖြစ်ပါတယ်။

ညောင်ရမ်းမင်း သီဟသူလက်ထက် အကြောင်းပြောပြီးနောက် အနှစ် ၂၀၀ ဝန်းကျင်အခြေနေကို ပြောကြည့်ရအောင်ပါ။

ဖောင်းကားစားမောင်မောင် နန်းလုပြီးနောက် ဆရာတော်တစ်ပါးက နန်းထက်မြဲလိုရင် နေပြည်တော်အနောက်တောင်ဘက်မှာရှိတဲ့ ကုက္ကိုပင်ကိုခုတ်ပါဆိုပြီး ယတြာအခါပေးပါတယ်။ကုက္ကိုက တနင်္လာနံ၊ ဗဒုံမင်းက တနင်္လာသားဖြစ်တဲ့အတွက် ရန်သူဖြစ်တဲ့ ဗဒုံမင်းကို သတ်ခိုင်းတဲ့သဘောပါတဲ့။ ဒါကိုမကောက်တတ်တော့ တကယ့်ကုက္ကိုပင် ကိုခုတ်ပစ်ပါတယ်တဲ့။ တဖက် ဗဒုံမင်းက သူ့ကိုယ်စား ကုက္ကိုပင်တွေသေကုန်ပြီ။ သူကတော့ အသက်မသေဘဲ ထီးနန်းစံရတော့မယ်ဆိုပြီး ကောက်ပါတယ်တဲ့။

ဘိုးတော်ဘုရား ခေါ် ဗဒုံမင်း ( ၁၇၈၂ - ၁၈၁၉ )ဟာ နန်းစတက်ကတည်းက အတိတ်၊ နိမိတ်၊ တဘောင် တွေသိပ်အားကိုးတာတွေ့ရပါတယ်။ နန်းတက်ပြီးနောက် နန်းသက်ရှည်အောင်ဆိုပြီး ရှေးအစဉ်လာမပျက် အင်းချ စီရင်ပါသေးတယ်။ နောက်တော့ ဒီလိုအင်းရေးတာဟာ " မကောင်းသည့်အရာဖြစ်သည်" ဟု သမုတ်ပြီး မြို့လေးထောင့်မှာ မြှုပ်ထားတဲ့ အင်းတွေကို ဖယ်ရှားဖို့ ၁၈၁၄ ခုနှစ်မှာ အမိန့်တော်ထုတ်ပြန်ပါတယ်။ ဒီမင်းလက်ထက်မှာ အင်း ၊ အိုင် ၊ ခနဲ့ ၊ လက်ဖွဲ့တွေသိပ်အရေးပေးမခံရတဲ့သဘောပါဘဲ။

အတိတ်၊ နိမိတ်၊ တဘောင် ၊ စနည်း၊ ဘဝေါ တွေကို သဘောအဓိပ္ပါယ်ကောက်ယူပြီး ရှေ့ပြေးဖတ်တဲ့နေရာမှာ သိပ်မှန်တဲ့ " အယူတော် မင်္ဂလာ ဦးနိုး " ဟာ ဗဒုံမင်းလက်စွဲဖြစ်တယ်။ ဦးနိုးကို ဒဗယင်းမြို့နယ်၊ ကိုးသန်းတိုက်နယ် ၊အရှမ်းကြခပ်ရွာဇာတိ။ ၁၆ ဇွန် ၁၇၆၂ မှာမွေးဖွားတယ်။ ငယ်စဉ်က ဘုံသာတုလွတ် ဆရာတော်ဆီမှာ လောကီပညာသင်ယူတယ်။ ဒီပညာရပ်မှာ ထူးချွန်ပေါက်မြောက်တဲ့သတင်း နန်းတော်အသိုင်းဝိုင်းရောက်ပြီး ဘုရင့်အပါးတော်မြဲဖြစ်လာတယ်။ နိုင်ငံရေး၊ စစ်ရေး ၊ အုပ်ချုပ်ရေး၊ သာသနာရေး နှင့် လူမှုရေးဆိုင်ရာ တဘောင်တွေကို အဓိပ္ပါယ်ကောက်ယူပြီး ရှေ့ပြေးဖတ်ရာမှာ သိပ်မှန်တယ်ဆိုပြီး သမိုင်းတွင်ကျန်ရစ်တဲ့ ပညာရှင်တစ်ယောက်ပါပဲ။

ဗဒုံမင်းက ရခိုင်ကိုသိမ်းယူစေလို့ သက္ကရာဇ် ၁၁၄၆(ခရစ် ၁၇၄၈) မှာအမိန့်တော်ပြန်တဲ့အခါ " ကေတုမတီ ညာချီရင်သား လွန်ကြီးပွါး ဘုရားကိုယ်တိုင်ကြွလတံ္တ။ မုဆိုးဆတ်သား စားလတံ္တ " ဆိုပြီး စနည်းပေါ်တယ်။ ဒီစနည်းမှာ ဆတ်ကိုရခိုင်လို့ယူရမယ်။ မုဆိုးကို ကေတုမတီစား အိမ်ရှေ့မင်သားလို့ယူတယ်။ ရှင်းရှင်းပြောတော့ တောင်ငူစား အိမ်ရှေ့မင်းသားကို တိုက်ခိုင်းတဲ့အခါ အောင်မြင်မယ်လို့ အယူတော်မင်္ဂလာက ရှေ့ပြေးဖတ်တယ်။

သက္ကရာဇ် ၁၁၄၇ (ခရစ်နှစ် ၁၇၈၅) မှာ ယိုးဒယားကိုစစ်ထွက်ဖို့ ပြင်ဆင်ရာမှာ အယူတော်မင်္ဂလာကို အဆိုးအကောင်းကြည့်စမ်းလို့ခိုင်းပါတယ်။ ယိုးဒယားဈေးကို သူဖြတ်သွားတုန်းမှာ " ဘာမထီ မချီလျှင် နေညွှန့်မျိုး စိုးရခေါင်က တသာကီ ဇာမရီ ချီထွက်လျှင် ရတက်တော် ပူဗျာငွေ့ တွေ့လိမ့်နောင်တ " ဆိုတဲ့ တဘောင်ကိုကြားပါတယ်တဲ့။ ကြားရတဲ့တဘောင်အရ စစ်မထွက်ရင်ကောင်းမယ် ၊ ထွက်မိရင် ရှုံးမယ် ဆိုပြီး ပြောင်ပြောင်တင်းတင်းဘဲ လျှောက်ပါတယ်တဲ့။ ဒါကို ဘုရင်က နားမထောင်။ ယတြာလုပ်ပြီး ယိုးဒယားကိုစစ်ထွက်တယ်။ စစ်မျက်နှာတိုင်းမှာ ရှုံးတဲ့အခါ ယတြာလုပ်တာ ဘာမှအသုံးမဝင်ဘူးလို့ မိန့်တော်မူပါတယ်။

ဘုရင့်အမှုထမ်း မိုးတားစား သတိုးမင်းကြီးမင်းထင်ကျော်သူ လွှတ်တက်တရားသူကြီးဟာ အလွန်အမင်း လာဘ်စားပြီး လူအပေါင်းကို နှိပ်စက်တယ်။ ဘုရင်က ဒါကိုအရေးယူဖို့ အယူတော်မင်္ဂလာကိုစနည်းနာစေတဲ့အခါမှာ " အမေက သမီးကို ဆန်ဝယ်သွားဖို့ခိုင်းတာ ငွေစကို တစ်မူးလဲမဟုတ် တစ်မတ်လည်းမဟုတ်လေတော့ တစ်ပြည်ပဲရတော့တယ်လို့ ကြိမ်းတယ်။ ဒီလိုသာဆက်ပြီးလုပ်ရင် နင့်ကိုပြည်တောင်း မှောက်ပြီး ဆန်ချင်ပေးလိမ့်မယ်လို့ ပြောပြန်တယ် " ဆိုပြီး စနည်း ရတယ်။ မူးမဟုတ်၊ မတ်မဟုတ်လို့ ပြည်မှောက်တယ်ဆိုပြီး ဘုရင့်ကိုပြန်လျှောက်ပါတယ်တဲ့။

ဘုရင်က လာဘ်စားတဲ့ တရားသူကြီးကို ရာထူးကချလိုက်ပါတယ်။ ဒီတဘောင်ဟာ ပြည်သူတွေရဲ့အသံလား ၊ အယူတော်မင်္ဂလာကိုယ်တိုင်ရဲ့ အသံလားဆိုတာ စဉ်းစားစရာပါ။ ဘာဖြစ်လို့ဒီလို စဉ်းစားရသလဲဆိုတော့ လာဘ်စားတဲ့အမှုထမ်းကို သက်သေရှာဖမ်းရမယ့် အစား စနည်းကိုအားကိုးလွန်းတဲ့ ဘုရင်ကြောင့် တော်သင့်တဲ့ စနည်းကို ဖန်တီးတယ်လို့ထင်ပါတယ်။

ဒီသဘောကိုထပ်တွေ့တယ်။ ရှင်ဘုရင်ဟာ တိုင်းပြည်တိုးတက်အောင် လုပ်ရမယ့်အစား ခဏခဏစစ်ထွက်တယ်။ စစ်တိုက်တယ်ဆိုတာ နိုင်နိုင် ရှုံးရှုံး စစ်ဒါဏ်ခံရတယ်။ ပြည်သူတွေ ပင်းပန်းဆင်းရဲဖြစ်နေတဲ့ကြားက ဘုရင်ဟာ အရွယ်စားကြီးမားလွန်းတဲ့ မင်းကွန်းပုထိုးတော်ကြီးကိုတည်တယ်။ ပြည်သူတွေအတွက်ကြီးလေးတဲ့ ဝန်ဖြစ်နေတဲ့အတွက် " ဘုရားကြီး အပြီးတိုင် ၊ မုဆိုးမဏ္ဍိုင် ကျိုးလိမ့်မလွဲ " " ဘုရားလည်းပြီး ပြည်ကြီးလည်းပျက် " ဆိုပြီး တဘောင်ပေါ်ပါတယ်။ တကယ် လူထုရဲ့အသံဘဲလား ၊ ပြည်သူတွေရဲ့ ဒုက္ခကိုမြင်လို့ အယူတော်မင်္ဂလာကိုယ်တိုင် ဖန်တီးတဲ့အသံလားဆိုတာ စဉ်းစားစရာပါ။

သံဃာတော်တွေ မညီမညွှတ်ဖြစ်ပြီး ဥတ္တရာသဂ် ခေါ်အပေါ်ဝတ်ရုံကို ပခုံးတဖက်သာ ဖုံးအုပ်လိုတဲ့ အတင် ( ဧကံသိက ) နှင့် ပုခုံးနှစ်ဖက်စလုံးဖုံးတဲ့ အရုံ (ပရုပဏ)ဆိုပြီး သနာရေးဆိုင်ရာ အငြင်းခုံကြီးဖြစ်တယ်။ သက္ကရာဇ် ၁၁၇၆(ခရစ်နှစ် ၁၈၁၄)မှာ ဆွေးနွေးပွဲလုပ်ပြီး ဆုံးဖြတ်ရာမှာ အရုံတွေရဲ့ စကားက ဝိနယနဲ့ညီညွှတ်တယ်ဆိုပြီး အနိုင်ရသွားပါတယ်။ ဒီကိစ္စ ဒီမှာတင်ပြတ်မသွားပါ။ " ဦးပြည်းယောက်ျား လဘက်စားသည် တိုင်းကားပြည်ရွာ ဆူလတံ့၊ ဦးပြည်းမိုးကြိုးပစ်ခတ်ချိုး က အရိုးနေလ မှိန်လတံ့။ ဦးပြည်းလူမော် ရေကြောင်းပျော်သည် လှေပေါ်တောင်းမှောက်ဖြစ်လတံ့။ ထိုရောအခါ သာသနာသည် ရောင်ဝါနေသို့ ထွန်းလတံ့ " ဆိုပြီး စနည်းပေါ်တယ်။

ဒီစနည်းကို ဘုရင်ကသိပ်နှစ်သက်ပြီး ၊ စနည်းထဲမှာပါတဲ့အတိုင်း အတုလဆရာတော် ( လူထွတ် ) မောင်ပန်းထွေးကို အဝတ်မပါဗလာ လှောင်အိမ်ထဲထည့်ပြီး သရက်ရောက်တဲ့အထိ ဧရာဝတီမြစ်ထဲမျှောလိုက်ပါတယ်။ အတုလနဲ့ အပေါင်းပါဖြစ်တယ်ဆိုပြီး မန်လည်ဆရာတော်ကို လက်ရှိသာသနာပြု သာသနာစောင့် အရာက ရုပ်သိမ်းလိုက်ပါတယ်။ ဒါဟာ တဘောင်တွေရဲ့ အစွမ်းကြောင့် ဆိုတာထက် ပဒေသရာဇ် ဘုရင်တွေရဲ့ လုပ်ချင်ရာလုပ်တတ်တဲ့သာတကကိုဖော်ပြတာသာဖြစ်တယ်။
 
ဗဒုံမင်းနောက် နှစ်ပေါင်း ၄၀ အကြာ၊ မင်းတုန်းမင်း (၁၈၅၃-၁၈၇၈) လက်ထက်မှာ မန္တလေးနန်းတော်ကိုတည်ဆောက်တယ်။ ၁၈၅၇ ဩဂုတ်လ မြို့ကွက်ရိုက်ပြီးကတည်းက အစောင့်အရှောက် အရံအတားလည်းဖြစ်နန်းသက်လည်းရှည်အောင်ဆိုပြီး လောကီအစီအရင်တွေအစွမ်းကုန်သုံးပါတယ်။၂၀ ဧပြီ ၁၈၅၈မှာ မြို့တံခါးတွေမှာ အင်းမြှုပ်တယ်။ အင်းတွေရေးထားတဲ့ မြို့စောင့်နတ်ရုပ်တွေကိုစီရင်တယ်။ ၂၇ မတ် ၁၈၅၈ ခုနှစ်မှာ နတ်ရုပ်တွေကို လိပ်ပြာသွင်းတယ်။ နတ်ရုပ်တွေကို လိပ်ပြာသွင်းတယ်ဆိုတော့ လူစတေးတာကိုပြောသလားဆိုတာ သေချာမသိပါ။ ၁၅ မေ၁၈၅၉ မှာ မြို့ထောင့်တွေမှာ တစ်ရာ့တစ်ဆယ်ဝင် စည်အိုးကြီးတွေကို ဆီအပြည့်ထည့်ပြီးမြှုပ်တယ်။

မန္တလေးနန်းတော် နှင့် မြို့တည်ဆောက်ရာမှာသုံးတဲ့ အင်းနာမည်တွေက
၁။ စမ္ပာနဝနော ကိုးသွယ် အင်း ( စမ္ပာနဝရတ် ကိုးသွယ် အင်းဖြစ်မယ်ထင်ပါတယ်)
၂။ ဥလ္လလိရိအဋ္ဌမုက် အင်း
၃။ သီရိဇေယျ သက်တော်ရှစ်ဆယ် အင်း
၎။ သီရိဇေယျ မဏိလသက်တော်ရှည် အင်း
၅။ သာသနာ ၅၀၀၀ အင်း
၆။ သိရသိံ္မ မေဂါထာ အင်း
၇။ သမ္မုဒ္ဓေအင်း
၈။ သတ္တ ရတနာအင်း
၉။ အဋ္ဌဇေယျမင်္ဂလာအင်း ( ဒေါက်တာသန်းထွန်း ၊ နယ်လှည့်ရာဇဝင် ၊ စာ ၂၆၈ မှကူးယူပါတယ်။ )

ဘယ်အင်းကို ဘယ်လိုစီရင်ပြီးဘယ်လိုအကွက်တွေချတယ်ဆိုတာ သေခြာမရှိလို့ မရှင်းပြနိုင်ပါ။ သို့သော် ၉ မေ ၁၆၃၅ ခုနှစ် ဘုရင့်အမိန့်တော်ပါ အချက်လက်တွေကို ကိုးကားပြီး အင်းချရာမှာလိုက်နာရမယ့် သံမဏိစည်းမျဉ်းတွေဘယ်လိုရှိတယ်ဆိုတာကို ပြောနိုင်သလောက်ကို ခန့်မှန်းပြီးပြောပါမယ်။

" အင်းဆိုသည်အရာသည် ကန်းခြင်းစွေခြင်းထောင့်ယွန်းခြင်းမရှိရ၊ သံကညစ်ဖြစ်စေ၊ နွားမွေးစုတ်ဖြစ်စေ၊ ကညစ်သွားစုတ်ဖျားချ၍ ရေးပြီးမှ မသင့်မကာသည်ဟူ၍ မြေဖြူနှင့် မပွတ်ချေစေနှင့် ၊ အင်းပြားဖြစ်စေ ၊ ပန်းပေါင်းအင်းဖြစ်စေ ၊ အင်းရေး ၁၊ ပညာရှိပုဏ္ဏား ၁၊ ပညာရှိအမတ် ၁၊ အင်းရေးသောအခါဘတ်၍ ဆိုမည့် အရိယာသံဃာ ၁၊ ကညစ်စုတ်သွားချမည်(ရှိ) သောအခါ အကြည့်အရှု ရဟန်းတော် ၁၊ ရေးသားပြီးလျှင် အက္ခရာသင်္ချာစစ်၍ တည်တိုက်ရမည် တပည့်ရဟန်းတော် ၁၊ အင်းတပြားလျှင် ခြောက်ယောက်၊ အင်းတကွတ်စေ့အောင်၊ ကြည့်ရှုကြပ်မပြင်ဆင်၍ ရေးစေရမည်။ ဆရာတော်တို့ကိုလည်း ပြန်လျှောက်ရမည် " လို့ပြောထားတယ်။

အင်းရေးတဲ့အခါ ကန်းခြင်းစွေခြင်းထောင့်ယွန်းခြင်းမရှိရ။ ကန်းခြင်း ( အင်းကန်းခြင်း ) ဆိုတာဘာကိုပြောမှန်းသေချာမသိပါ။ ကန်းခြင်းဆိုတဲ့အနက်ကို အလွယ်ပြောရရင် မအောင်မြင်တဲ့ အင်းကိုပြောတယ်ဘဲထင်ပါတယ်။ စွေခြင်း ( အင်းစွေခြင်း ) ဆိုတာကတော့ အင်းကွက်တွေချတဲ့အခါ မညီမညာဖြစ်တာကိုဆိုလိုဟန်တူတယ်။ " စွေတယ် " ဆိုတဲ့အသုံးဟာ မညီမညာ ဖြစ်တယ်၊ တိမ်းစောင်းတယ် ဆိုတဲ့ သဘောဖြစ်မယ်ထင်တယ်။ သို့သော် အင်း ပညာရပ်မှာ အင်းစွေ ဆိုပြီး သီးသန့်အသုံးရှိရင်တော့ မပြောတတ်တော့ပါ။ ထောင့်ယွန်းခြင်း ဆိုတာတော့ ထောင့်မှန်မကျတာကို ဆိုလိုတာထင်တာဘဲ။ သေချာတော့အသိပါ။

အင်းရေးတဲ့အခါမှာ စာရေးကရိယာအဖြစ် သံကညစ်ကိုအသုံးပြုပါတယ်။ နွားမွေးစုတ် ဆိုတာက နွားမွေးနဲ့လုပ်ထားတဲ့ စုတ်တံကို ပြောတာထင်တယ်။ ကညစ်နဲ့ ရေးနေစဉ် တစ်စုံတစ်ခုကြောင့် ချွတ်ချော်သွားခဲ့သည်ရှိသော် မြေဖြူအသုံးပြုပြီး ပယ်ဖျက်ကြဟန်တူပါတယ်။ အလွယ်ပြောတော့ ခဲတံနဲ့ရေးထားတဲ့ စာ မှားတဲ့အခါ ခဲဖျက်သုံးပြီး ဖျက်တဲ့သဘောထင်ပါတယ်။ အတိုချုပ်ပြောတော့ အင်းရေးတဲ့အခါ အမှားအယွင်း အတိမ်း အစောင်းမရှိ သေသေသပ်သပ်ရေးရမယ် ၊ မတော်လို့ မှားသွားတဲ့အခါ နောက်တစ်ချပ်အသစ်ပြန်ရေးပါလို့ ဆိုတာပါဘဲ။

အထက်ပါအလုပ်တွေကို အင်းရေး ဆိုတဲ့အမှုထမ်းက သတိကြီးကြီးထားပြီးလုပ်ရပါတယ်။ ဘယ်နေရာအတွက် ဘယ်အင်းကိုသုံးမယ်ဆိုတာကိုတော့ လောကီပညာရှင် ပုဏ္ဏား ဟူးရား တွေက ရွေးချယ်စီရင်ပါမယ်။ ပုဏ္ဏား ဟူးရား တွေက ရွေးချယ်စီရင်တဲ့ အင်းတွေ မှန်၊မမှန် သင့်တော်၏ မသင့်တော်၏ဆိုတာတွေကို ရှေးလောကီကျမ်းတွေနှင့်အညီ တိုက်ဆိုင်စီစစ်ဖို့ လောကီပညာရပ် နှံ့စပ်သိရှိပြီးဖြစ်တဲ့ ပညာရှိအမတ်က စစ်ဆေးကြီးကြပ်ရတယ်။

အင်းရေးတဲ့အခါ ဒီအတိုင်းရေးတာမျိုးမဟုတ်ဘဲ သံဃာတော်တွေက ရွတ်ဖတ်သရဇယ်ပေးရဟန်တူတယ်။ အင်းရေးတဲ့အခါ ဘယ်နေရာ ဘယ်ထောင့်၊ ဘယ်အရပ်ကို မျက်နှာမူ ၊ အချိန်အခါနဲ့ နေရာတွေကိုသေချာ တွက်ချက်ရမှာမို့ အင်းစရေးတဲ့ အစပိုင်းဟာ အရေးကြီးဆုံးဖြစ်ဟန်တူတယ်။ အဲဒီ အစ မှန်မှန် ကန်ကန်ရှိစေဖို့ လောကီပညာ အင်းရေးပညာနှံ့စပ်ကျွမ်းကျင်တဲ့ ရဟန်းတော်တစ်ပါးပါးက ကြီးကြပ်ပေးရဟန်တူပါတယ်။
ပြီးနောက်မှာတော့ အင်းရေးရာမှာ သုံးတဲ့ စကားလုံး ( စာလုံး ဝါကျ )၊ ဂဏန်း အပါအဝင် စီရင်တဲ့အင်းရဲ့ သဘောတရားနဲအညီတွက်ချက်ထားတဲ့ဟာ ကိုက်ညီမှုရှိ/မရှိ ကို စာပေပညာ လောကီပညာ အင်းရေးပညာနှံ့စပ်ကျွမ်းကျင်တဲ့ ရဟန်းတော်တစ်ပါးပါးက ကြီးကြပ်ပေးရပါတယ်။

အင်းတကွက်ကို လူခြောက်ယောက် ဝိုင်းရေးရတဲ့ အင်းအမျိုးစားတွေလည်းရှိတယ်ဆိုတာ နားလည်ရပြန်တယ်။ အထက်မှာ ပြောခဲ့တဲ့အရာအားလုံးဟာ စီရင်တဲ့အင်းကိုလိုက်ပြီး အပြောင်းအလဲရှိမယ်ထင်ပါတယ်။ ဘုရင်လုပ်သူဟာ ဒီလို လောကီပညာ အင်းစီရင်ရာမှာ သတိကြီးကြီးထားပြီးအလုပ်လုပ်ကြဖို့ တခုတ်တရ အမိန့်တော်ထုတ်ရသလဲဆိုတာ တစ်ခုစဉ်းစားစရာဖြစ်လာပါတယ်။ဘာကြောင့်ပါလဲ။ တကယ်လို့ နမော်နမဲ့ ပြီးလွယ်စီးလွယ်လုပ်ခဲ့သည်ရှိသော် ဘာတွေဖြစ်သွားနိုင်လဲ။ သာလွန်မင်း လက်ထက် အမိန့်တော်တစ်ခုကို ကိုးကားပြီးဖြေရင်တော့ ရနိုင်ကောင်းပါတယ်။

ဒီလို ချွတ်ချော်မှုရှိနေတဲအင်းတွေကို မြို့ရိုး ပြအိုး တံခါးပေါက် အစရှိတဲ့နေရာတွေမှာ အသုံးပြုမိခဲ့သည်ရှိသော် ' ပြည်သူလူထု ရဟန်းရှင်လူကို ထိခိုက်နိုင်ပါတယ်တဲ့။ အမှန်တော့ လောကီပညာအများစုဟာ ဘုရင်နန်းသက်ရှည်အောင် ဘုရင့်အချုပ်အခြာအာဏာ ရည်ရှည်တည်တံ့အောင်၊ ဘုရင်မှာ သိပ်ကောင်းတဲ့လောကီအစီရင်တွေရှိပြီးသားဖြစ်တယ် ဒီတော့မင်းတို့ တော်လှန်ပုန်ကန်ဖို့ မကြိုးစားကြနဲ့ ဆိုတဲ့သဘောတွေနဲ့ လုပ်ခဲ့တာတွေများပါတယ်။ ဒီတော့ ဘုရင့်အတွက်လုပ်တဲ့ လောကီအစီရင်မှာ ချွတ်ယွင်းချက်တွေရှိခဲ့ရင်လည်း ဘုရင်ကိုသာထိခိုက်ရုံသာရှိတော့မပေါ့။ ပြည်သူ့အကျိုးယုတ်တယ် ဆိုတာ နာမည်ကောင်းယူတဲ့သဘောသာ။

သာလွန်မင်းခေတ်မှာ ရာဇဝတ်မှု နှင့် တရားမမှု ဆိုပြီး အမှုအခင်းနှစ်မျိုးရှိပါတယ်တဲ့။ ရာဇဝတ်မှုဆိုတာကတော့ ဘုရင့်အာဏာကို မနာခံဖီဆန်တဲ့လူဟာ ရာဇဝတ်မှုမြောက်တော့တာပါဘဲ။ ချွတ်ချော်နေတဲ့ အင်းချ အင်းရေး အင်းမြှုပ် လုပ်တဲ့လူမှန်သမျှဟာလည်းဘဲ ရာဇဝတ်မှုမြောက်ပါတယ်။ ကုန်းဘောင်မင်းဆက်တွေဟာ လောကီပညာကို သိပ်အလေးပေးတော့ ဒီလိုဘဲဖြစ်မယ်လို့ ခန့်မှန်းရပါတယ်။

ပြည်တွင်း ပြည်ပညာရှင်တွေ မန္တလေးနန်းတော်တည်ဆောက်ရာမှာ ဘုရင်က " လူသတ်ပြီး စတေး " တဲ့ လောကီအစီရင်ကို သုံးတယ်လို့ ကျယ်ကျယ်လောင်လောင်ပြောကြတယ်။ မြန်မာတွေဘက်မှာတော့ ပါးစပ်ပြော အရပ်ပြောရာဇဝင်တွေအဖြစ်သာ လူပြောများပြီး လူစတေးတယ်ဆိုတဲ့ မှတ်တမ်း မတွေ့ရပါ။ ချားလ်စ် ဒူရွိုင်ဆယ်ရဲ့ မှတ်တမ်းစာ ( C.Duroiselle: Guide to the Mandalay Palace, Rangoon, Govt.Printing, 1925, pp.25-8) အရ ကျား၊မ ကြီးငယ် ငါးဆယ့်နှစ်ယောက် စတေးတယ်လို့ဆိုပါတယ်။
၁၉၆၃ ခုနှစ် တက္ကသိုလ်ပုံနှိပ်တိုက် တော်လှန်ရေးအစိုးရ ယဉ်ကျေးမှုဌာနအတွက် ပုံနှိပ်တဲ့ မန္တလေးနန်းတော် (Mandalay Palace) စာအုပ်မှာတော့ ခုလိုလူစတေးရာမှာ ကိုယ်ဝန်အရင့်မာ ရှိတဲ့ အမျိုးသမီးကိုအသုံးပြုရန်လိုလားတယ်လို့ဆိုထားပြန်ပါတယ်။ လက်ဖတင်နင် ဂျင်နရယ်ဖိုက်ခ်ျရဲ့ " ယခင်နှင့် ယခုမြန်မာနိုင်ငံ " စာအုပ်မှာတော့ မြို့တစ်ခါး တစ်ဆယ့်နှစ်ရပ်မှာ လူတစ်ဆယ့်နှစ်ယောက် ဖမ်းပြီးကကြိုးချီဖိသတ်သည်ဆိုပြီး ရေးထားတယ်။ စုစုပေါင်းငါးဆယ့်နှစ်ယောက်။

ဆက်ပြောတာက လူတွေနဲ့အတူ မြို့ထောင့်တွေမှာ ဆီထည့်ထားတဲ့ စဥ့်အိုးကြီးတွေကို အထိအခိုက်မရှိအောင် သတိကြီးစွာထားပြီး မြှုပ်နှံတယ်။ ဆီကို မြှုပ်ရတဲ့အကြောင်းကတော့ အစောင့် ( နတ်စိမ်း ) မပြတ်အမြဲ ဆက်လက် စောင့်ရှောင့်စေရန် သေချာအောင် စီရင်ခြင်းဖြစ်သည်။ စောင့်ရှောက်လျှော့နည်းခြင်း ၊ သို့မဟုတ် လုံးဝစောင့်ရှောက်ခြင်းမပြုဟုသေချာလျှင် လူသစ် အစားထိုးတယ်။ ဆီမခန်းခြောက်သရွေ့ စောင့်ရှောက်ခြင်း မပြတ်ဟု ယုံကြည်လက်ခံတယ်။ (စာအုပ်ဟောင်း ၂၅၊ ၈၊ စာအုပ်သစ် ၁၅-၁၇) ။
ခုလိုလူသတ်ပြီးစတေးတဲ့ လောကီအစီရင်မျိုးအမှန်တကယ်ရှိ၊ မရှိ သေချာရှင်းရှင်းလင်းလင်းရှိဖို့ရာ တူးဖော်ကြည့်ဖို့လိုပါမယ်။ လူအရိုး တွေရှာဖွေတွေ့ရှိပြီ အမှန်ဖြစ်ကြောင်း အတည်ပြုပေးရသည့်တိုင် မြန်မာတွေမှာသာ မဟုတ် ဥရောပတိုက်အချို့နေရာအပါဝင် အာရှတိုက်တစ်ခုလုံးနီးပါး ရှေးယခင်ကတည်းက ရှိခဲ့တဲ့အလေ့ထဖြစ်တဲ့အတွက် မဖော်ပြဝံ့စရာ အကြောင်းမရှိပါ။ 


အချုပ်ကိုပြန်ပြောရရင် မြန်မာတွေရဲ့ လောကီပညာတွေထဲက အင်း ၊ အိုင်၊ခလဲ့ ၊ လက်ဖွဲ့ ၊ ဂါထာ မန္တန် ပီယ ဆိုတာတစ်အုပ်စုဖြစ်တယ်။ ကြေးပြား၊ ငွေပြား ၊ ရွှေပြားတွေအပေါ်မှာ အင်းကွက်လေးတွေရေးပြီး အိမ်မှာဖြစ်ဖြစ် လူကိုယ်တိုင်ဖြစ်ဖြစ်ဆောင်ထားတဲ့အခါ အဆောင်တန်ခိုးကြောင့် ဒုတ်ပြီး၊ ဒါးပြီးမယ် ၊ နဂိုထက် အစွမ်းတိုးမယ်။ ရှင်းရှင်းပြောတော့ ဘေးအန္တရာယ်မျိုးစုံကင်းမယ် ဆိုတဲ့ ယုံကြည်ချက်နဲ့ လုပ်တဲ့အစီရင်ဖြစ်တယ်။

ရှေးကဘုရင်တွေ စစ်တိုက်ထွက်တဲ့အခါ လောကီပညာရှင်၊ အင်းရေးဖို့ ပန်းချီပညာရှင် နဲ့ လိုအပ်လို့ရှိရင် ပရိတ် ဂါထာ မန္တန်ရွတ်ဖတ် ဖို့ ရဟန်းတော် တွေကိုပါ တစ်ပါတည်းခေါ်ဆောင်သွားလေ့ရှိပါတယ်။ စစ်မျက်နှာ ၊ စစ်တိုက်ရာအရပ်ကိုလိုက်ပြီး လောကီအစီရင်တွေ မတူပါ။ အလောင်းဘုရားလက်ထက် ကသည်းပြည်ကိုစစ်တိုက်ထွက်ရာမှာ သူ့အားကိုးတဲ့အမာခံတပ်သားတွေကို မဟာပိန္နဲ အင်းကိုစီရင်တယ်ဆိုပေမယ့် ယိုးဒယားကိုတိုက်တဲ့အခါ ဒီလောကီအစီရင်ပြန်သုံးမယ်မထင်ပါ။ အင်းတစ်ချပ်ကို လူခြောက်ယောက်ဝိုင်းရေးပြီး အင်းရေးစဉ် အခါမလပ် ဂါထာ မန္တန်ရွတ်ဖတ်ပေးရမည် ဆိုတဲ့ သက္ကရာဇ် ၉၉၇ခု နယုံလဆန်း ၄ ရက်နေ့ ( ၉ မေ ၁၆၃၅ ) ရက်စွဲပါ အမိန့်တော်တစ်ခုတွေ့တယ်။


ဒီအုပ်စုထဲမှာ ဆေးမင်ကြောင် အကြောင်း ချန်ထားလို့မဖြစ်ပါ။ကိုယ့်အကြိုက်ပြောရရင် ဆေးမင်ကြောင် ဆိုတဲ့အခေါ်ထက် " ထိုးကွင်း မင်ကြောင် " ဆိုတဲ့အသုံးကို ပိုနှစ်သစ်ပါတယ်။ မြန်မာပညာရှင်တွေ ကျယ်ကျယ်လောင်လောင်ပြောတာက မြန်မာတွေ ဆေးမင်ကြောင် စထိုးတာ အဝခေတ်မှာစပါတယ်တဲ့။ တချို့ ရဲရင့်တဲ့ပညာရှင်တွေကဖြင့် ပျူခေတ်ကတည်းက စ ပါတယ်တဲ့။ ဘာကို ကိုးကားပြီး ပြောတယ်မသိပါ။ ပုဂံခေတ်ဦးပိုင်းကတည်းက အင်းချတဲ့အလေ့ရှိတယ်ဆိုတာ ကျန်စစ်သား နန်းတည်ကျောက်စာကို ဖတ်ပြီးပြောလို့ရတယ်။ ဒါတောင် ဒီတစ်ခုတည်းကိုမှီပြီးပြောတဲ့အတွက် သိပ်ခိုင်မာလှတယ်မဟုတ်ပါ။


သို့သော် ဆေးမင်ကြောင် ပျူခေတ်မှာစခဲ့သည်ရှိသော် လက်ဆင့်ကမ်းလာမှာဖြစ်တဲ့အတွက် ပုဂံဆေးရေးပန်းချီတွေမှာ တွေ့နိုင်မယ်ထင်တယ်။ ခုတော့ ပုဂံခေတ် အဝခေတ် နန်ရံဆေးရေးပန်းချီတွေမှာမတွေ့ရသေးပါ။ ကျောက်စာတွေမှာလည်း ဒါမျိုးကိုဖော်ပြလေ့မရှိ။ ရတု ၊ ရကန် ၊ လေးချိုး ကဗျာတွေထဲမှာတွေထဲမှာ တွေ့နိုင်လို့ ဆက်ပြီးသုတေသနလုပ်ရဦးမှာပါ။


အီတလီလူမျိုး ခရီးသွား Nicolo de' Conti' ရဲ့ ခရစ်နှစ် ၁၄၃၅ ခုနှစ်မြန်မာပြည် ခရီးစဉ်မှတ်တမ်းအရ မြန်မာတွေ ရဲ့ကိုယ်ပေါ်မှာ အမျိုးသားတို့ရဲ့ အဆောင်ယောင် အလှပအဖြစ် ဒီလို ခန္ဓာကိုယ်အစိတ်ပိုင်း ပေါ် သံဆူးနှင့် ထိုးပြီး ဆေးရောင် တွေပွတ်ထည့်သုတ်လိမ်းတယ်လို့ ဆိုတဲ့အတွက် ဆေးမင်ကြောင်ထိုးလေ့ရှိတယ်လို့ ယူဆချင်စရာဖြစ်တယ်။ ဒါဟာစော ဆုံးတွေ့ရတဲ့ မြန်မာတွေရဲ့ ထိုးကွင်း ခေါ် မင်သေ့ ခေါ် ကော်ရစ် ခေါ် ဆေးမင်ကြောင် အကြောင်းဖြစ်ပေမယ့် အဲဒီ အီတလီခရီးသွား မြန်မာပြည် အင်းဝရောက်တဲ့ ခုနှစ် ဟာ ၁၄၃၅ ခုနှစ် အသေခြာဟုတ်ရဲ့လားဆိုတာ စီစစ်ဖို့လိုပါဦးမယ်။ ၁၄၃၅ ခုနှစ်သေခြာခဲ့ရင်တော့ လောလောဆယ် ဆေးမင်ကြောင် အကြောင်း အစောဆုံးတွေ့ရတဲ့ မှတ်တမ်းဖြစ်ပါမယ်။


ခရစ်နှစ် ဟံသာဝတီ ဆင်ဖြူများရှင် ဘုရင့်နောင် (၁၅၅၁ - ၁၅၈၁) လက်ထက်ရောက်တဲ့အခါမှာတော့ အဲဒီဆေးမင်ကြောင်တွေဟာ အဆောင်ယောင် အလှပထက် လောကီပညာရပ် ဆိုင်ရာအစီရင်တွေအဖြစ် ပြောင်းလဲတိုးတက်လာတယ်လို့ ခန့်မှန်းပါတယ်။ တစ်နည်းပြောတော့ ထိုးကွင်းမင်ကြောင်ဟာ ယုံကြည်မှုကိုအခြေခံတဲ့ လောကီပညာရပ်ဆိုင်ရအစီရင်ဖြစ်ပါတယ်။ အင်းချပြီးရေးထားတဲ့ ကြေးပြား ၊ ငွေပြားလေးတွေကိုလိပ်ပြီး လက်မောင်းမှာချည်ထားမယ်။ ပုံစံအမျိုးမျိုးနဲ့ဆောင်ထားမယ်။ အဲဒီအခါ အဆောင်တန်ခိုးနဲ့ အစွမ်းထက်မယ်၊ ခုန်ပျံ ကျော်လွှား နိုင်မယ် ၊ ဓား လှံ လေး မြှား ရန်ကကင်းလွတ်မယ် စသဖြင့် ယုံကြည်ကြမှာ ဖြစ်ပါတယ်။


သို့ပေမယ့် ဒီလိုစီရင်ထားတဲ့ ကြေးပြား ၊ ငွေပြားအဆောင်ကို ကိုယ်မှာချည်ထားပေမယ့် ကျပျောက်တာမျိုးရှိမယ်။ ဒီတော့ တချို့က အသားအနာခံပြီး အရေပြား ဒါမှမဟုတ် အသားထဲထိ ခွဲပြီးထည့်မယ်။ နောက်တော့ ကြေးပြား ငွေပြားပေါ် အင်းရေးရာကနေ လူ့ခန္ဓာကိုယ် ခြေ လက် ခေါင်း ခါးတွေမှာ တိုက်ရိုက်ရေးပြီးစီရင်ကြတယ်လို့ထင်ပါတယ်။ အဆောင်လက်ဖွဲ့လို မတော်တဆ ကျပျောက်ဖို့ရာ ပူပင်စရာမလိုတဲ့အပြင် ဆေးစွမ်းလည်းပိုပြီး ထက်လာစေလိမ့်မယ့်ယုံကြည်နေကြပါမယ်။


၁၅ ရာစုနောက်ပိုင်း မင်သေ့ ၊ ထိုးကွင်း ၊ မင်ကြောင် အကြောင်းရေးစပ်ကြတဲ့ ပျို့ ၊ ကဗျာ ၊ လင်္ကာ ၊ ဧချင်း ၊ တေးထပ် တွေအများကြီးရှိပါပြီမို့ တစ်ခုခြင်းစီကို မရေးလိုတော့ပါ။ မဟာဓမ္မရာဇာ ဘွဲ့ခံ အနောက်ဖက်လွန်မင်း ခရစ်နှစ် (၁၆၀၅-၁၆၂၈) ခေတ် ရဟန်းတစ်ပါးဖြစ်တဲ့ အရှင်ကဿဖ ရေးတယ်လို့ယူဆရတဲ့ ညောင်ရမ်းခေတ် လူတန်းစားအကြောင်း စပ်ဆိုတဲ့ ရကန်တစ်ပုဒ်မှာတော့ ' မင်သေ့ထိုး ' သူ ဆိုပြီးပါတယ်။ ဒီတော့ ၁၆ ရာစုမှာ ဒီပညာရပ်နှင့် အသက်မွေးဝမ်းကြောင်းပြုသူတွေရှိနေပြီလို့ ခန့်မှန်ရတယ်။ ဒါက ဘာကိုပြောသလဲဆိုတော့ ပွဲကျောင်း ရဟန်းတွေအပြင် ဒီပညာရပ်နဲ့ အသက်မွေးတဲ့ သီးခြားလူတန်းစားတစ်ရပ်ရှိတယ်ဆိုတာ နားလည်ရပါတယ်။


၁၈ - ၈- ၁၈၁၂ နေ့စွဲ ဘုရင့်အမိန့်တော် တစ်ခုမှာ " ငါးပိတန်းဆရာနှင့် အပါအဝင် ရဟန်းသာမဏေတို့မှာ ရှေ့ပွဲကျောင်းတို့ အနေအထိုင် အတိုင်း ဦးထုပ်ဆောင်း သရပတ်ဆောင်း ဒုကုဋ်တင် ရင်ဖွဲ့စည်း စည်တီး မီးနှက် ဆေးရေး ကွင်းထိုး မသာလိုက် ဗေဒင်ဟော လှေလှော် လက်ဝှေ့သတ်မှစ၍ ရှေ့ပွဲကျောင်းတို့ နေထိုင်သည့်နည်း နေထိုင်ကြစေ။ " လို့တွေ့ရတယ်။ ဆေးရေး ကွင်းထိုး ဆိုတာ တစ်နည်း ဆေးမင်ကြောင်ထိုးတာကိုပြောတာဖြစ်ပြီး " ဆေးမှတ်တယ် " ဆိုတဲ့အခေါ်နဲ့မတူပါ။ ရှေးမြန်မာစစ်သည်တွေ အစုဖွဲ့ ခွဲတဲ့အခါ လွယ်ကူစေဖို့အတွက် လူ့ခန္ဓာကိုယ် ခြေ လက် ခေါင်း ခါးတွေမှာ နတ်သား ၊ ဘီလူး ၊ ဆင်ပုံ ၊ မြင်းပုံ ၊ အလံ ၊ ဓား ၊ လေး ၊ မြှား စသဖြင့်သင့်တော်သလို ရေးမှတ်တာကို ဆေးမှတ်တယ်လို့ခေါ်ပါတယ်။ ဒီနှစ်ခု ခွဲခြားသိဖို့လိုပါမယ်။


ဗေဒင် ယတြာ ဆိုတဲ့လောကီပညာရပ် ဘယ်တုန်းကတည်းက စတယ်ဆိုတာပြောဖို့မလွယ်ပါ။ ဘာသာရေးအမြင်အရ သိတ္ထဒ္ဓ မင်းသား ဘုရားဖြစ်၊ မဖြစ် ပုဏ္ဏားတွေက ရှေ့ဖြစ်ဟောတယ် ဆိုရင် ဒီပညာရပ်ဘယ်တုန်းကတည်းကပေါ်တယ်ဆိုတာခန့်မှန်းဖို့ရာမလွယ်ပါ။ လူတစ်ယောက်ဘာဖြစ်မယ် ၊ ဘေးအန္တရာယ်ကျရောက်ဖို့ရှိတယ် ၊ ဘယ်လိုလုပ်ပါ ဘယ်လိုနေထိုင်ပါဆိုတဲ့ ရှေ့ဖြစ်အဟော ဟာ အလွယ်ပြောလို့ရတဲ့ ဗေဒင် နဲ့ ယတြာ။ နောင်လာမယ့် နှစ်ပါင်း တစ်ရာ နှစ်ရာလောက်အထိ ကြိုပြီး ရှေ့ဖြစ်ဟောတာမျိုးကို သိုက်စာလို့ခေါ်တယ်။ ရတနာပစ္စည်းတွေ ဘယ်အရပ် ဘယ်နေရာမှာ မြှုပ်နှံထားတယ်ဆိုတာမျိုးကို တွက်ချက်ရေးမှတ်ထားတာမျိုးကိုလည်း သိုက်စာလို့ခေါ်ပါသေးတယ်။


အတိတ် ၊ နိမိတ် ၊ တဘောင် ၊ စနည်း ဘဝေါဆိုတာတွေဟာလည်း လောကီပညာရပ်ဆိုင်ရာ အုပ်စုတစ်စုဖြစ်တယ်။ အတိတ်ကဖြစ်ခဲ့တာ အခုဖြစ်နေတာတွေဟာ နောင်အခါဖြစ်လာဖို့ရှိတယ်ဆိုပြီး ရှေ့ပြေးဖတ်တာကို သတိပေးတဲ့အတိတ်လို့ဆိုတယ်။ နိမိတ်ဆိုတာကတော့ မကြာခင် ကျရောက်မယ်အန္တရာယ်ကို ထင်သာမြင်သာအောင် အခု ခလုတ်တိုက်တယ်ဆိုသလို အခက်အခဲတစ်ခုကို ကြုံရတာမျိုးဖြစ်တယ်။ တဘောင်က နောင်မကြာခင်ကျရောက်မယ့် ဘေးအန္တရာယ်ကို လူအများက ကြိုပြီးပြောနေတတ်တယ်ကိုခေါ်တယ်။


စနည်းဆိုတာက လူသံမဟုတ်ဘဲ အသံဆိုးအသံနက် ဘာကြောင့်မှန်းမသိဘဲ ကြားရခြင်းကို ထောက်ပြီးရှေ့ဖြစ်ဟောတာကိုဆိုလိုတယ်။ ဘုရင်တွေအတွက် စနည်းနာတယ် ဆိုတာက မျက်မြင်ကြုံတွေ့ရတဲ့ ကိစ္စကို တခြားလူမကြားဘူးအထင်နဲ့အချင်းချင်း တီးတိုးပြောဆိုနေတာမျိုးကို ချောင်းနားထောင်ပြီး ဝေဖန်ချက်ရယူတာပါတဲ့။ ဘဝေါက သိပ်ကြီးကျယ်တဲ့ ဒုက္ခတစ်ခုတွေ့ရတော့မယ်လို့ ကြောက်လန့်စိတ်ပေါ်အောင် မဖြစ်စဘူး ဖြစ်တဲ့ကိစ္စဖြစ်ပါတယ်တဲ့။ ဥပမာ ဆင်းတုတော် သွေးထွက်တယ် ၊ မျက်ရည်စို့တယ်၊ ကောင်းကင်အလုံးချင်းချင်းနီတယ် ကြယ်တံခွန်လွတ်တယ် စသဖြင့်။


မြန်မာ့သမိုင်းမှာ လောကီပညာရပ်ကို ခေတ်အဆက်ဆက် မင်းတွေသာမက ရဟန်း ရှင်လူ ပြည်သူအပေါင်းကပါ အလေးပေး ဆောင်ရွက်လေ့ရှိတာကိုတွေ့ရပါတယ်။ ရှင်းရှင်းပြောတော့ ဘာသာတရားဆိုင်ရာ အဆုံးမတွေရှိစေကာမူ လောကီပညာရပ်ကို သိပ်အားကိုးတယ်လို့ ဆိုနိုင်တယ်။ လောကီပညာရပ်တွေကို ကောင်းကျိုး အတွက်သုံးတယ်လို့ တပ်အပ်မပြောနိုင်ပေမယ့် သူတပါးဒုက္ခရောက်အောင် ဆိုးကျိုးအတွက်သုံးတာတွေလည်းရှိတယ်ဆိုတာ ပြောနိုင်တယ်။ ခေတ်အဆက်ဆက် မင်းတွေရော လူတွေပါမကျန် အမှန်တရားနှင့် ကင်းလွတ်ပြီး လောကီပညာရပ်တွေကို သိပ်အားကိုးလွန်တဲ့အတွက် အပြစ်မဲ့လူတွေထိခိုက်ပျက်စီးစေတာမျိုးဟာ နည်းနည်းလေးမှကောင်းတဲ့အရာလို့ မထင်ပါ။


အချုပ်ပြန်ပြောရရင် ဒီဆောင်းပါးဟာ ဟိုတစ်စ ဒီတစ်စ ဆွဲထုတ်ထားတဲ့ " စပ်ထမီ " တစ်ထည်သာ။ လိုအပ်ချက်များစွာ ရှိနေဦးမှာပါ။ အခြားအချက်လက်တွေ အတော်များများရှိနေသေးတယ်ဆိုတာ အားလုံးသိပြီးဖြစ်မှာပါ။ ဒီထက်ပိုပြီး အချိန်ပေးနိုင်တဲ့အခါ မြန်မာ့လောကီပညာရပ်တွေအကြောင်း ဒီထက်ပိုပြီး ပြည့်စုံတဲ့ စာတမ်းတစ်ဆောင်အဖြစ် ပြုစုဖန်တီးနိုင်လိမ့်မယ်လို့ ယုံကြည်ပါတယ်။ 
 
ရည်ညွှန်း။ ။
မြန်မာ့သမိုင်းတွင် လောကီပညာအရေးပါပုံ ၊ ဒေါက်တာသန်းထွန်း ၊ မြန်မာထွေထွေရာရာသမိုင်း ၊ စာ ၄၈-၇၄။
ပဒတ်လိုဏ် ( ဗဒလင်းဂူ ) ကျောက်ရေးအနုပညာ၊ ဒေါက်တာသန်းထွန်း၊ မြန်မာ့သမိုင်းပုံ ၊ စာ ၃၄- ၄၂။
ကျန်စစ်သားနန်းတည်ကျောက်စာ မွန်ဘာသာ၊ ဒေါက်တာသန်းထွန်း ၊မြန်မာ့ ထီးမူနန်းရာ ၊ စာ ၃-၁၆။
နှစ် ၆၀၀ ပြည့် အင်းဝ၊ အင်းဝခေတ်ပြန်လည်သုံးသပ်ချက် ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက်၊ ဒီဇင်ဘာ ၂၀၀၈။
တကောင်း -သရေခေတ္တရာ - ပုဂံ - အင်းဝ- အမရပူရ - မန္တလေး နှင့် ခေတ်သစ် ဆင်ယင်ထုံးဖွဲ့မှု ၊ ရွှေကိုင်းသား ၊ ရာပြည့်စာအုပ်တိုက် ၊ ၂၀၀၅။
အမိန့်တော်ပေါင်းချုပ် ပ-ဒု တွဲ ၊ ဒေါက်တာသန်းထွန်း ၊ The Royal Orders Of Burma, I & II
ကုန်းဘောင်ခေတ် စစ်တမ်းများ ၊ ဒေါက်တာရီရီ ။
မြန်မာ့ရက်စဉ်သမိုင်း ပ-ဒု-တ တွဲ၊ ယဉ်ကျေးမှု ဝန်ကြီးဌာန သမိုင်းသုတေသန ဦးစီးဌာန၊ ၂၀၀၉။
မန္တလေးမဟာမုနိတံတိုင်းအတွင်းရှိ ကျောက်စာများ တ-တွဲ၊ ပညာရေးဝန်ကြီးဌာန မြန်မာ့သမိုင်းအဖွဲ့ နှစ် ၅၀ ပြည့် ရွှေရတု၊ ၂၀၀၆။
မြန်မာမဟာ မင်္ဂလာမင်းခန်းတော်၊ စာရေးတော်ကြီး ဦးရာကျော်၊ရာပြည့်စာအုပ်တိုက် ၊ တ-အကြိမ် ၂၀၀၉။
ရွှေနန်းသုံး ဝေါဟာရအဘိဓာန် ၊ ဦးမောင်မောင်တင်၊ သာသနာရေး ဦးစီးဌာန ဗုဒ္ဓသာသနာအဖွဲ့ ပုံနှိပ်တိုက်၊ ဒီဇင်ဘာ ၁၉၇၅။
ပုဂံလွန် နှစ်တစ်ရာ (၃) သတိုးမင်းဖျား ၊ ဒါက်တာသန်းထွန်း ၊ တစ်နေ့တစ်လံ ပုဂံဘယ်ပြေးမလဲ ၂၀၀၆၊ စာ ၄၈၅-၄၉၀။
နယ်လှည့်ရာဇဝင် ပ-ဒု-တ တွဲ ၊ ဒေါက်တာသန်းထွန်း ၊ ပြည့်စုံ စာအုပ်တိုက် ၂၀၀၄။  
 
သမိုင်းဆရာကြီးဒေါက်တာသန်းထွန်း

 
Tag : Myanmar, myimm
1 Komentar untuk "သမိုင်းထဲက မြန်မာလောကီပညာ"

စာအုပ်ကိုဘယ်လိုမာရမလည်

MM-Search. Powered by Blogger.
Back To Top