.

န၀င်းယတြာကြီးချေရန် အပြည့်အစုံ..။

ကျွန်တော်တို့ ဗေဒင်ဆရာ လောကမှာရော အရပ်ထဲမှာရော “န၀င်း” ဆိုတဲ့ စကားကို လူတိုင်းနီးပါးလောက် ရင်းနှီးကျွမ်းဝင်ကြပါတယ်။ န၀င်းလို့ ပြောလိုက်တာနဲ့ လူတော်တော်များများက သိထားနှင့်နေကြပါပြီ။ မြန်မာလူမျိုး တော်တော်များများက ဗေဒင်လာမေးလို့ ယတြာချေရမယ်ဆိုရင် ဆရာရယ် န၀င်းယတြာချေပေးပါ စသည်ဖြင့်တောင် တောင်းဆိုကြပါတယ်။ အဲဒီလောက်ထိ န၀င်းယတြာသည် လူများအား ထူးခြား အစွမ်းထက် စေပါသည်။

န၀င်းယတြာကို အစမှ အဆုံးတိုင် ဆောင်ရွက်ပုံ အဆင့်ဆင့်ကို တင်ပြပေးမှာပါ။
ယတြာချေခြင်းကို ၀ါသနာထုံကြသော ယုံကြည်ကြသော သူများအတွက်ကတော့ အဖိုးမဖြတ်နိုင်တဲ့ တန်ဖိုးရှိတဲ့ လက်ဆောင်တစ်ခု ရတယ်လို့ သဘောထားလို့ ရပါတယ်။ အမှန်တကယ်လည်း အစွမ်းထက်ပါတယ်။ ဘာအခက်အခဲပဲ ကြုံကြုံ ဘယ်လိုကိစ္စမျိုးပဲ ဖြစ်ဖြစ် ဆောင်ရွက်နိုင်ပါတယ်...

အလွန်နေမကောင်းဖြစ်နေလား န၀င်းယတြာ ချေလိုက်ပါ...
ရာထူးတက်ချင်လား... န၀င်းယတြာ ချေလိုက်ပါ...
အတိုက်အခိုက်တွေ အရမ်းများနေလား န၀င်းယတြာ ချေလိုက်ပါ...
ရန်အန္တရယ်တွေ ၀ိုင်းနေလား န၀င်းယတြာ ချေလိုက်ပါ...
အကြွေးတွေ များနေလား န၀င်းယတြာ ချေလိုက်ပါ...
လှော်ရင်း နစ်နေသလား န၀င်းယတြာ ချေလိုက်ပါ...
နိုင်ငံခြားသွားဖို့ ထစ်ငေါ့နေလား န၀င်းယတြာ ချေလိုက်ပါ...
မိသားစုတွေ ကမောက်ကမ ဖြစ်နေလား န၀င်းယတြာ ချေလိုက်ပါ...
အိမ်ထောင်ရေးတွေ အဆင်မပြေဘူးလား န၀င်းယတြာ ချေလိုက်ပါ...
အရောင်းအ၀ယ်တွေ အဆင်မပြေဖြစ်နေလား န၀င်းယတြာ ချေလိုက်ပါ...
လာဘ်ပိတ်နေသလို ဖြစ်နေသလား န၀င်းယတြာ ချေလိုက်ပါ...
အမှု့အခင်းတွေ ရင်ဆိုင်နေရသလား န၀င်းယတြာ ချေလိုက်ပါ...
သူတစ်ပါးက မကောင်းတဲ့ အတတ်ပညာတွေနဲ့ ပြုစားခံထားရသလား န၀င်းယတြာ ချေလိုက်ပါ...
သာသနာပြု လုပ်ငန်းဆောင်တာတွေ အောင်မြင်ချင်သလား န၀င်းယတြာ ချေလိုက်ပါ...
အလှူအတန်း ကိစ္စတွေ မထစ်မငေါ့ အောင်မြင်ချင်သလား န၀င်းယတြာ ချေလိုက်ပါ...

စသည်ဖြင့် စသည်ဖြင့် ပြောရရင်တော့ အများကြီးပါပဲ...။ ဒါကြောင့် န၀င်းယတြာကို ဗေဒင်ဆရာတိုင်းက တွင်တွင်ကျယ်ကျယ် အသုံးပြုနေကြတာပါပဲ...။ အသုံးပြုနေတယ်ဆိုတာထက် အားကိုးအားထား ပြုပြီး ဆောင်ရွက်နေကြတယ်လို့ ပြောချင်ပါတယ်။ န၀င်းယတြာကြီးနဲ့ ပါတ်သက်ပြီး တစ်ခုပြောချင်တာကတော့ အလှူဒါနနဲ့ ယတြာပညာရပ်တစ်ခု ပေါင်းစပ်ထားတာ ဆိုတာပါပဲ။ လှူမှာကတော့ ဘုရားရှင်ကို မွန်မြတ်သန့်စင်သော စိတ်စေတနာများနဲ့ ပြည့်စုံစွာ ညွတ်နူးသဒ္ဓါ ကြည်လင်စွာနဲ့ သုံးတန်စေတနာ ခိုင်မာစွာ ပြဋ္ဌာန်း၍ လှူဒါန်းခြင်း ဖြစ်ပါတယ်။ ဒါကြောင့် စေတနာကောင်းရင် ကောင်းသလောက် သဒ္ဓါတရား ကောင်းရင် ကောင်းသလောက် ကုသိုလ်တော့ ပွားမြားမိမယ် ဆိုတာပါပဲ....

န၀င်းယတြာအတွက် လိုအပ်သောပစ္စည်းများ

(၁) လင်ဗန်းတစ်ချပ်
(၂) ကြွေပုဂံပြားတစ်ချပ်
(၃) ဆန်နို့ဆီဗူး(၉)လုံး
(၄) မတ်စေ့(၉)စေ့
(၅) ဖယောင်းတိုင်(၉)တိုင်
(၆) အမွှေးတိုင် (၉)တိုင်
(၇) လဘက်အသား(၉)လုံး
(၈) ထုံး၊ကွမ်းသီး၊ဆေး ကွမ်းယာ(၉)ယာ
(၉) န၀င်းပန်းများ။(သီးသန့်နေ့သားအလိုက် ရွေးချယ်ရပါသည်)
(၁၀) ခြေမန်းကွင်းတစ်ကွင်း (လက်တစ်လံ)
(၁၁)ရေသန့်ဗူးတစ်ဗူး
(၁၂) ဖန်ခွက်တစ်ခွက်
(၁၃) ဆီ (၉)ဇွန်း
(၁၄) မတ်စေ့ (၉)စေ့ (ဖယောင်းတိုင်အောက်တွင် ခံ၇န်)

အဲဒီလောက်ပါပဲ။ ဒါပေမယ့် ယတြာဆိုတာကတော့ အကျယ်ချဲ့ရင် ချဲ့သလောက် ကျယ်ဝန်း ပြည့်စုံလှပပါတယ်။ ဒါပေမယ့် မပါမဖြစ် လိုအပ်တာက အပေါ်က ပစ္စည်တွေ ဖြစ်ပါတယ်။ န၀င်းပွဲအတွက်နေ့သားအလိုက် ပန်းမြတ်မာလာ ရွေးချယ်ရန်...ကိုတော့ အောက်မှာ ဖော်ပြပေးလိုက်ပါတယ်...


ဇယားလေးက ရှင်းလောက်ပါတယ်။ နေ့သားဆိုတာကတော့ န၀င်းပွဲယတြာ ချေမယ့်သူက မိမိ ဘာနေ့သားလဲ ဆိုတာပေါ့။ ပြီးတော့ မိမိနေ့သားအလိုက် ဘေးမှာ ပန်းသုံးမျိုးကို ကြိုတင် ရှာဖွေထားရမယ်။ ပန်းသုံးမျိုးက ကိုယ်ယတြာချေတဲ့ အချိန်မှာ ဖန်ခွက်ထဲမှာ ထည့်ရမယ့်ပန်းရယ်၊ မိမိခြေထောက်အောက်မှာ နင်းထားရမယ့် ပန်းရယ်၊ မိမိဖင်အောက်မှာ ဖင်ခုထိုင်ထားရမယ့် ပန်းရယ်ဆိုပြီး သုံးမျိုး ရှာထားရမယ်...။ ရှင်းပါတယ်နော်.. အားလုံးလည်း အဆင်သင့် ရှာဖွေထားပြီးပြီဆိုရင် ကျွန်တော်တို့ န၀င်းယတြာချေဖို့အတွက် န၀င်းပွဲကို စပြီး ပြင်ဆင်ကြ၇အောင်ပါ။

လင်ဗန်းထဲမှာ ဆန်နို့ဆီဗူး ကိုးလုံးထည့်ရမယ်။ ပြီးရင် လက်နဲ့ ညီညာနေအောင် ညှိလိုက်ပေါ့။ အလယ်မှာ ကြွေပုဂံ တစ်ချပ်ထည့်မယ်။ ကြွေပုဂံထဲမှာ လက်ဖက်အသားလေးတွေကို လုံးထားတဲ့ လက်ဖက်လုံး (၉) လုံးထည့်မယ်။ (ခန့်မှန်းခြေ လက်ညှိုးနဲ့ လက်မ၀ိုင်းကြည့်လိုက်ဗျာ။ အဲလောက်) လဘက် အလုံးလေးတွေကြား ထဲကနေပြီး ကွမ်းယာ (ထုံးကွမ်းသီးဆေးကို အရှည်လိုက်လေး ယာထားတဲ့ကွမ်းယာ) (၉)ယာထည့်မယ်။ အလယ်မှာ ဖန်ခွက်ထည့်မယ်။ ဖန်ခွက်ထဲမှာ ရေသန့် (၃)ပုံ နှစ်ပုံလောက် ထည့်မယ်။ ဖန်ခွက်ထဲကို ထည့်ရမယ့် ပန်းကို ထည့်မယ်။ အလယ်က ကြွေပုဂံပြားဘေးကနေ (မတ်စိပေါ်မှာစိုက်ထားတဲ့ )ဖယောင်းတိုင် (၉)တိုင်ကို ပတ်ပတ်လည်လည် စိုက်မယ်။ အမွှေးတိုင်(၉)တိုင်ကို စိုက်မယ်။ ဒီလောက်ပါပဲ။ မျက်စိထဲကို မမြင်ဘူးဆိုရင် ပုံလေးတွေ ကြည့်ကြည့်လိုက်ဗျာ...။























ရလောက်ပါပြီနော်...။ ပုံလေးတွေနဲ့ ဆိုတော့ တော်တော်လေးလည်း သိသာမြင်သာ လောက်ပါပြီ။ နောက်တစ်ခု ပြောချင်တာက ဘယ်နေ့လုပ်ရင် ကောင်းမလဲ။ မွေးနေ့ အကောင်းဆုံးပါ။ မိမိရဲ့မွေးနေ့ နံက်(၉)နာရီ ဆောင်ရွက်ပါ။ အဲဒီတော့ ယတြာမစခင် ရေမိုးချိုးပါ။ သန့်ရှင်းစင်ကြယ်တဲ့ အ၀တ်အစားတွေ ၀တ်ဆင်ပါ။ အမွှေးနံ့သာတွေ လိမ်းကျံပါ။ ပြီးတော့ ခေါင်းကနေ ခြေမန်းကွင်းကို ညာစလွယ်သိုင်း စွတ်ထားပါ။ ( အဲဒီ ခြေမန်းကွင်းက ပန်းတွေနဲ့ ရိုက်ချပြီးတဲ့အချိန်ထိ စွတ်ထားရမယ်။ နောက်ဆုံးပြီးတဲ့ အခါရောက်မှ ခြေထောက်ကနေ ပြန်ချွတ်ပြီး ကျေးခြေမီးဇာ ကျစ်ပြီး ဆီကိုးဇွန်းထည့်ပြီး မီးထွန်းရမယ်) အရင်တုန်းက ဒီနေရာလေးမှာ ကျေးခြေမီးဇာဆိုတာ ဆိုတဲ့ ပို့လေးတစ်ခု ပုံလေးတွေနဲ့ သေသေချာချာ တင်ထားဖူးပါတယ်။ ပုံတွေ အပ်ပလိုတင်တဲ့ ဆိုက်ကြောင့် ပုံလေးတွေကတော့ ဒေါင်းကုန်ပါပြီ။ အရမ်းနှမြောဖို့ ကောင်းပါတယ်။ နောက်မှ ပြန်တင်ပေးပါဦးမယ်..

ဟုတ်ပြီနော် ။ ပြီးရင် ဘုရားကျောင်းဆောင်ရှေ့မှာ ခုံတစ်လုံးချပါ။ ခုံပေါ်မှာ န၀င်းပွဲကို တင်ပါ။ ပြီးရင် အမွေးတိုင် ဖယောင်းတိုင်များကို လက်ယျာရစ် အဆင့်အတိုင်း မီးထွန်းညှိပါ။ ဖယောင်းတိုင် အမွှေးတိုင်တွေကို မီးထွန်းညှိပြီးပြီးဆိုရင် ၀ိဇ္ဇာရှစ်သောင်း ဆရာအပေါင်း လောကကိုစောင့်ရှောက်သော မြင်အပ်မမြင်အပ်သော ပုဂ္ဂိုလ်အပေါင်းတို့အား ကိုယ်စားပြု၍ မြတ်စွာဘုရားရှင် ကိုယ်တော်မြတ်ကြီးအား ရိုသေစွာ ဆက်ကပ်လှူဒါန်း ပါသည်ဟူ၍ လှူဒါန်းဆက်ကပ်ပါ။ လှူဒါန်း ဆက်ကပ်ပြီးတဲ့ အချိန်မှာ မိမိဖြစ်ချင်တာတွေကို ကျကျနန လေးလေးနက်နက် ဆုတောင်းပါ။

ဒီနေရာလေးမှာ အရေးကြီးဆုံး တစ်ခု ပြောချင်တာက အကူနေ့သား တစ်ယောက်လိုပါတယ်။ မိမိကို ကူညီပြီး ဆောင်ရွက်ပေးဖို့ နေ့သား တစ်ယောက်လိုအပ်ပါတယ်။ သူက မိမိကို ဘာလုပ်ပေးဖို့လည်း ဆိုတော့ မိမိ န၀င်းပွဲ ဆက်ကပ်ပြီးတဲ့အချိန်မှာ ဖန်ခွက်ထဲကပန်းတွေနဲ့ မိမိကို ခေါင်းကနေ ခြေထောက်ထိအောင် မိမိ ကိုယ်ခန္ဓာထဲမှာ ရှိတဲ့ မကောင်းတဲ့ အညံ့အခိုက်တွေကို ပန်းတွေနဲ့ ရိုက်ချပေးရမှာပါ။ မိမိက ဘယ်လိုနေရမလဲဆိုတော့ အပြင်အပေါ်က်ဝဘက်ကို ခြေဆင်းထိုင်နေရမယ်။ ခြေထောက်အောက်မှာ နင်းရမယ့် ပန်းတွေကို နင်းထားရမယ်။ ဖင်ခုထိုင်ရမယ့် ပန်းတွေကိုလည်း ဖင်ခုထိုင်ထားရမယ်။ လက်နှစ်ဘက်ကို ဒူးခေါင်းပေါ် တင်ထားပြီး မျက်လုံးကို အသာလေး မှိတ်ထားပြီး ကိုယ်ဖြစ်ချင်တာတွေကို လေးလေးနက်နက် ဆုတောင်းနေရမယ်။ သူက ကိုးကြိမ် ခေါင်းကနေ ခြေထောက်ရောက်အောင် ရိုက်ချပေးရမယ်။ (ဒီနေရာမှာ အကူုနေ့သားက အရေးကြီးပါတယ်၊ လူတိုင်း မရပါဘူး။ မိမိနေ့နံကနေ ရေတွက်ကြည့်လိုက်ရင် (၆) ခုမြောက် နေ့သား ဖြစ်ရပါ့မယ်။ ဥပမာ တနင်္ဂနွေ သားသမီးအတွက် အကူနေ့သားက သောကြာသားသမီး တစ်ဦးဦး ဖြစ်ရမယ်)

နောက်ဆုံး စွန့်ရမယ့်အကြောင်းကို ပြောပါ့မယ်။ စွန့်တာကတော့ အားလုံးသော န၀င်းပစ္စည်းတွေကို မြေသန့်သန့်မှာ သွားရောက် စွန်ပစ်ရပါမယ်။ ရေဖန်ခွက်ထဲက ရေကိုတော့ ရေသန့်ဗူးထဲကို ပြန်ထည့်ပြီး န၀င်းရေမန်းအဖြစ် အသုံးပြုလို့ ရပါတယ်။ ခြေမန်းကွင်းကိုတော့ ကျေးခြေမီးဇာကျစ်ပါ။ ကြွေပုဂံထဲကို ထည့်ပါ။ ဆီကိုးဇွန်းထည့်ပြီး မီးထွန်းလိုက်ပါ။ မီးငြိမ်းရင် စွန့်ပစ်လိုက်ပါ။ ဤကား လွန်စွာ အဆင့်မြင့်မားသော န၀င်းပွဲ ယတြာကြီး ပြုမူ ဆောင်ရွက်ပုံ အဆင့်ဆင့်တည်း...။

မှတ်ချက်။ ဤစာကိုဖတ်၍ မရှင်းလင်းပါက ကျွန်ုပ်၏ စာရေးသားခြင်း ညံ့ဖျင်းသော အကြောင်းအ၇ာ ဖြစ်ပါကြောင်း ၀န်ခံပါသည်။ ဤပို့နှင့် ပါတ်သက်၍ သိချင်သည်များရှိပါက SAYAHEINTINTZAW @GMAIL.COM သို့ စာရေးသား မေးမြန်းနိုင်ပါကြောင်းနှင့် နိုင်ငံခြားတိုင်းပြည်များတွင် နေထိုင်လျှက် န၀င်းပွဲ ဆက်ကပ်လှူဒါန်း ယတြာချေလိုသူများအတွက် ဓာတ်ပုံနှင့် ကိုယ်စားပြု၍ ကျွန်ုပ်၏ ဗေဒင်ဟောခန်းတွင် ကူညီဆောင်ရွက် ယတြာချေပေးနိုင်ပါကြောင်း.....

စေတနာကောင်းဖြင့်
ဆရာဟိန်းတင့်ဇော်(ထိုင်းနိုင်ငံ-မဟာချိုင်မြို့)
Tag : Myanmar, myths
0 Komentar untuk "န၀င်းယတြာကြီးချေရန် အပြည့်အစုံ..။"

MM-Search. Powered by Blogger.
Back To Top