မြန်မာ့သိုင်းပညာသည် ရှေးယခင်က တရုတ်ပြည်မှ ကွန်ဖူးပညာနှင့် မနှေးမနောင်းပင်ပေါ်လာခဲ့ပါ
သည်။ အဘယ်ကြောင့်ဆိုသော် ကွန်ဖူးပညာ ပေါ်ပေါက်လာပုံသမိုင်းကြောင်းကို လေ့လာကြည့်လျှင်သိနိုင်၏။
တရုတ်ကွန်ဖူးပညာသည် အိန္ဒိယက
ဗုဒ္ဓဘာသာဘုန်းတော်ကြီး မဟာဗောဓိဗုဒ္ဓ က တရုတ်ပြည်တွင်
သာသနာပြုရင်းတီထွင်ခဲ့ပါသည်။
ဗုဒ္ဓဘာသာ ကျင့်စဉ်ဖြစ်သော ကမ္မဌာန်းထိုင်ရာတွင် အညောင်းအညာပြေစေပြီး သွေးလေလည်ပတ်မှု ကောင်းစေရန်
ယောဂကို လှုပ်ရှားမှုပေါင်းစပ်ကာ ထွင်ခဲ့ခြင်းဖြစ်ပါသည်။ယခုခေတ်အခေါ် ထိုက်ချိပညာဖြစ်ပါသည်။
ထိုသာသနာပြုဘုန်းကြီးနှင့် တခေတ်တည်း ပင် ဗမာလူမျိုးတို့ အစ ပျူနိုင်ငံ သို့ ဗုဒ္ဓဘာသာနှင့်အတူ သိုင်းပညာလဲ
ရောက်ရှိခဲ့ခြင်းဖြစ်ပါသည်။ မြန်မာ့သိုင်းပညာကို အင်္ဂလိပ်ခေတ်က သိုင်းမသင်ရဟုဥပဒေထုတ်တားမြစ်ထားသောကြောင့်
ရှေးဗမာကြီးများက သိုင်း အစား ဗန်ဒို၊ဗန်ရှည် ဝေါဟာရနှင့် အစားထိုးပြီး ပြောဆိုခဲ့ကြသည်။
ထို့ကြောင့် ဗန်ဒိုရှည်မှာ မြန်မာ့ရိုးရာသိုင်းသာဖြစ်သည်။မြန်မာနိုင်ငံတွင်ကိုလိုနီအင်္ဂလိပ်၏ဥပဒေသည်
အခုခေတ်ထိ
လွမ်းမိုးနေဆဲဖြစ်ပြီး
သိုင်းသင်ပေးနေသော ဗန်ဒိုဗန်ရှည် ဆရာတို့သည် အများပြည်သူ၊ အစိုးရတို့၏ မြောက်စားခြင်းကို
မခံရပေ။ကမ္ဘာ့အင်အားဒုတိယအကြီးဆုံး ဂျပန်နိုင်ငံသည်ပင်လျှင် ၎င်းတို့၏ ကိုယ်လုံပညာသည်များကို တထီးတနန်းနှင့်မြောက်စားကြသည်။၎င်းအတူပင်
ကိုရီးယား၊ တရုတ်မြောက်
စားကြသည်။အစိုးရကစပြီး
ထောက်ပံ့မှုအမျိုးစုံကို ပေးသောကြောင့် ကမ္ဘာကိုပင်ကျော်ကြပါသည်။
မြန်မာနိုင်ငံတွင်ဂျပန်၊တရုတ်တို့နှင့် မတူ၊အစိုးရကလဲ
နှိပ်ကွပ်။ လူအချင်းချင်းပင် သိုင်းသင်လျှင်ပင်
ငပေါလိုပင်ထင်ခံရသည်။သိုင်းသင်ယူခြင်းသည်
မည်သည့်အကျိုးအပြစ်ဖြစ်သည်ကို စမ်းစစ်ကြည့်ကြပါစို့။
ကျန်းမာရေးရှုထောင့်ကကြည့်လျှင်-
သိုင်းသင်ခြင်းသည် ကိုယ်လက်လှုပ်ရှားခြင်းဖြစ်သောကြောင့် နှလုံးရောဂါ၊သွေးတိုးရောဂါတို့ကို
ကာကွယ်နိုင်သလို ကုသနိုင်ပါသည်။
လူမှုရေးရှုထောင့်ကကြည့်လျှင်-အုပ်စုဖွဲ့ပြီး
သင်ကြားရသောကြောင့် Team work စိတ်ဓါတ်ထွန်းကားပြီး
အဖွဲ့လိုက် ဆောင်ရွက်နိုင်သည့်
စည်းရုံးမှုကို ဖြစ်စေသည်။ မိတ်ဆွေ အပေါင်းအသင်းများပြားစေပါသည်။
စီးပွားရေးအရကြည့်လျှင်
- သိုင်းသင်ခြင်းသည် တုတ်ဒါးလက်နက်တို့နှင့် တိုက်ခိုက်လာမှုကို ကာကွယ်ဖို့ကိုအထူးကျွမ်းကျင်အောင်လေ့ကျင့်ပေးခြင်းဖြစ်သည်။ထို့ကြောင့်
မိမိ၏ ဥစ္စာစည်းစိမ်ကိုလုယက်
လာသောဒမြ၊သူခိုးတို့ကို
ကာကွယ်တိုက်ခိုက်ခါ အနိုင်ယူပြီး မိမိစည်းစိမ်ကိုထိမ်းသိမ်းနိုင်ပါသည်။
နိုင်ငံရေးအရကြည့်လျှင်လဲ
-မိမိ အမျိုးဘာသာ သာသနာကို စော်ကားတိုက်ခိုက်လာသော ရန်သူတို့ကို တွန်းလှန်နိုင်ပါသည်။ ယဉ်ကျေးမှုအရကြည့်လျှင်လဲ-အမျိုးသားရိုးရာ
ပိုင်ဖြစ်သောမြန်မာ့ရိုးရာသိုင်းကို
တတ်မြောက်အောင်သင်ကြားခြင်းအားဖြင့်
ရိုးရာယဉ်ကျေးမှုကို ထိမ်းသိမ်းရာရောက်ပေသည်။
မြန်မာ့သိုင်းဆိုသည်မှာ မြန်မာလူမျိုးတို့၏ ကိုယ်ပိုင်ရိုးရာ တိုက်ခိုက်၊ ခုခံနိုင်သည့် ပညာဖြစ်သည်။ သမိုင်းမှတ်တမ်းများအရ မြန်မာသိုင်းပညာသည် အေဒီ ၈ ရာစု နှစ် လောက်ကတည်းက
မြန်မာနိုင်ငံတွင် ပေါ်ထွန်းခဲ့သည်။ ရှေးမြန်မာမင်းများလက်ထက်တွင် မြန်မာ့သိုင်းပညာသည် အဓိကနေရာမှ နေရာယူပါဝင်ခဲ့သည်။ မြန်မာမင်းများ၏ မင်းခန်း မင်းနား၊ ပြာသိုလ မြင်ခင်းသဘင်၊ စစ်သည်တော်များကို သိုင်သင်ပေးခြင်း အစရှိသော နေရာများတွင် အဓိကအသုံးပြုခဲ့သည်။
မြန်မာနိုင်ငံတွင် အစပြု ထွန်းကားသော ကိုယ်ခံပညာရပ် များအားလုံးကို မြန်မာသိုင်း ဟုခေါ်သည်။
မြန်မာသိုင်းဟု ဆိုရာတွင် ဗမာလူမျိုးများ၏ ကိုယ်ခံပညာရပ် များသာမက အခြားသော တိုင်းရင်းသား ပေါင်းစုံတို့၏ ရိုးရာ ကိုယ်ခံပညာရပ် များပါ ပါဝင်ပြီး ဒေသ၊ကျောင်း အစရှိသည် တို့ပေါ် မူတည်၍ အမျိုးမျိုး ကွဲပြား ကြသည်။ ထင်ရှားသော သိုင်းအချို့မှာ ဗန်တို၊ ဗန်ရှည်၊ နန်းတွင်းသိုင်း၊ ရှမ်းသိုင်း၊ ဘုန်းကြီးသိုင်း ၊ မင်းဇင်၊ သိုင်းပြောင်းပြန် အစရှိသည် တို့ဖြစ်သည်။
ရှေးရိုးရာမြန်မာ့သိုင်းတွင် ဗန်တို၊ ဗန်ရှည်ဟုမခေါ်ခဲ့ပါ။ နန်းတွင်းသိုင်း၊ အင်းသိုင်း၊ ယွန်သိုင်း၊ ရာမညသိုင်း၊ ပွဲကျောင်းသိုင်း အစရှိသည် ဖြင့် ခေါ်ဆိုခဲ့သည်။ မြန်မာနိုင်ငံကို အင်္ဂလိပ်များသိမ်းပိုက်ပြီး သိုင်းများမသင်ဟု ပြဌာန်းခဲ့သည်။ ထို့အတွက်ကြောင့် ၁၉၃၀ ပြည့်နှစ်နောက်ပိုင်း အာရှလူငယ် အစည်းအရုံမှ အသင်းဥက္ကဌ ဦးဘဂျမ်း၊ ဥာဏဗလ တာဝန်ခံ ဦးဘရှင်(ဗိုလ်မှူးဘရှင်)၊ ဆရာဦးပြည်သိမ်းတို့မှ မြန်မာ့သိုင်းအစား ဗန်တို၊ ဗန်ရှည်ဟု အမည်ပေးကာ သင်ပေးခဲ့ကြသည်။
မြန်မာ့ရိုးရာသိုင်းပညာရပ်များတွင် သိုင်းကွက်များ၊ ဓါး၊ လှံ၊ လေး၊ မြှား အစရှိသော ပညာရပ်မျိုးစုံပါဝင်သောကြောင့် သင်ပါက အနည်းဆုံး ၅ နှစ်ကျော်ကြာမြင့်ပါသည်။ ထို့အတွက်ကြောင့် ဆရာကြီးများက ထို သိုင်း ပညာရပ်များထဲမှ တချက်လွတ် တိုက်ခိုက်နည်းများကို စုစည်း၍ လက်နက်မဲ့ တိုက်ခိုက် နည်း ဗန်တို၊ လက်နက်နှင့် တိုက်ခိုက်နည်း ဗန်ရှည်ဟု အမည်ပေး၍ သင်ပေး ခဲ့ကြသည်။ ထို့အတွက် ဗန်တို၊ ဗန်ရှည်တတ်သော မြန်မာလူငယ်များကို အချိန်တိုအတွင်း မွေးဖွား နိုင်ခဲ့သည်။
(၁) စကားလုံးရင်းမြစ်နှင့် အနက်
သိုင်း၏အနက် အဓိပ္ပယ်မှာ "သ" ပြုပြင်ခြင်း ခြယ်သခြင်း၊ "သိ" သိမြင်ခြင်း နားလည်ခြင်း၊ "သို" သိမ်းဆည်းခြင်း သိုမှီးခြင်း သိုဝှက်ခြင်း၊ "သိုင်း" သိုင်းဝန်းခြင်း ခြုံလွှမ်းခြင်း ရစ်သိုင်းခြင်း ဟူ၍ဖြစ်သည်။ ရှေးမြန်မာဘုရင်များ လက်ထက် မင်းခန်း မင်းနား များတွင် သိုင်းတုတ်ကိုင် ကာ စောင့်ရှောက် ပေးရပြီး ရှေ့မှ စောင့်ရှောက် ပေးရသူကိုရှေ့သိုင်းစောင့်မှ နောက်မှစောင့်ရှောက် ပေးရသူကို နောက်သိုင်းစောင့် ဟုခေါ်သည်။သိုင်းဆိုသည်မှာ ကျော်လွှားခြင်းဟုလည်း နားလည်ရပေမည်။
(၂) မြန်မာ့သိုင်း
မြန်မာ့သိုင်းတွင် ပွဲကျောင်း၊ မင်းကျောင်း၊ နန်းတွင်းသိုင်း၊ မျိုးနွယ်စုပိုင်သိုင်းများ ရှိသည်။ ထိုမြန်မာ့သိုင်းပညာရပ်တွင် လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်း၊ ကြိုးသိုင်း၊ ခဲပစ်၊ စူးပစ်၊ လှံပစ်၊ မြှားပစ်၊ လင်းလေး၊ ဒူးလေးပစ်၊ တုတ်သိုင်း၊ တင်ကျည်းသိုင်း အစရှိသော သိုင်းပညာ များကို သင်ကြားရသည်။ ထိုသို့ သိုင်းပညာ အကုန်အစဉ်တတ်အောင်သင်ပါက အနည်းဆုံး ၅ နှစ်မှ ၁၀ နှစ်ကြာအောင်သင်ရသည်။(၃) ဗန်တိုဗန်ရှည်
မြန်မာ့သိုင်း ဟုခေါ်သောဗန်တို၊ ဗန်ရှည် အတတ်ပညာသည် မြန်မာတို့၏ ယဉ်ကျေးမှုအမွေအနှစ် ကိုယ်ခံပညာတစ်ခု ဖြစ်ပါသည်။ ရှေးမြန်မာတို့က ကာယနှင့် စိတ်ဓါတ်ကြံခိုင်ရေးအတွက် အဓိကထားပြီး စစ်ပွဲများတွင် လက်နက်မဲ့၊ လက်နက်ကိုင်နှစ်မျိုးခွဲကာ အသုံးပြု တိုက်ပွဲဝင်သည့် ရိုးရာကိုယ်ခံပညာဖြစ်သည်။၎င်းဗန်တိုဗန်ရှည်
ပညာရပ်များကို အထူးလျှို့ဝှက် သင်ကြားပေးခဲ့ကြသည်။ သားစဉ်မြေးဆက်၊ ဆွေစဉ်မျိုးဆက် သွေးရင်းသားရင်းများသာ လူမသိအောင် တိတ်တဆိတ်သက်ကြားပေးလေ့ရှိသည်။ မြန်မာတို့၏ အမွေဖြစ်သော ဗန်တိုသိုင်းပညာသည် သရေခတ္တရာ သာသနာနှစ် (အစ) ဘီစီင်္ (၄၅၅) ကတည်းကတည်ရှိခိုင်ခံ့နေပြီး ဒီထက်စောသော မှတ်တမ်းများလည်းရှိခဲ့ကြသည်။ သရေခတ္တရာ၊ ဗိဿနိုး၊ ဟန်လင်း၊ ပုဂံ၊ ပင်းယ၊ အင်းဝ၊ ကုန်းဘောင်ခေတ် သမိုင်းတလျှောက် နိုင်ငံတော်ကာကွယ်ရေး အတွက် အသုံးပြုခဲ့ရာမှ မြန်မာ့သိုင်း ဟူ၍ယနေ့ခေါ်ဝေါ်ထားကြပြီဖြစ်သည်။ လက်နက်မဲ့ ဗန်တိုနှင့် လက်နက်ကိုင် ဗန်ရှည် ဟူ၍ခေါ်တွင်ခဲ့သည်။ အမာဗန်တို၊ အပျော့ဗန်တိုနှစ်မျိုးခွဲကာ မြန်မာ့လက်ဝှေ့ကဲ့သို့ အကွဲအပြဲ မတွန့်မဆုတ်ရင်ဆိုင်သောနည်းကို ဗန်တို (အမာ) ဟုခေါ်ပြီး မိမိအားအထိမခံဘဲ ရှောင်တိမ်းကာတုန့်ပြန်သောနည်းကို ဗန်တို (အပျော့) ဟုခေါ်သည်။
(၄) ရှမ်းသိုင်း
ရှမ်းသိုင်းပညာရပ်တွင်လည်း ရှမ်းကြီး၊ ရှမ်းတရုပ်သိုင်း၊ ရှမ်းလေးသိုင်း၊ အင်းသိုင်း၊ ပလောင်သိုင်း အစရှိသော ပညာရပ်များစွာရှိပါသည်။ ထိုသိုင်းများတွင်လဲ လက်သိုင်း၊ ဓါးသိုင်း၊ ကြိုသိုင်း၊ ခဲပစ်၊ လှံသိုင်း၊ တုတ်သိုင်း အစရှိသော ပညာရပ်များ များစွာရှိသည်။ရှမ်းကြီးသိုင်းသည် အကွက်ကျဲသည်။ ခြေကွက်မှာလည်း ၄ ကွက်၊ ၆ ကွက်၊ ၈ ကွက်၊ ၁၂ ကွက် ဖြင့်ကစားသည်။
ရှမ်းလေးသိုင်း (ခူခါချန့်၊ ယနေ့အခေါ် သိုင်းပြောင်းပြန်) သည် အကွက်စိတ်သည်။ ခြေကွက်မှာလဲ ၄ကွက်၊ ၇ကွက်၊ ၉ ကွက်၊ ၁၂ ကွက် ရှိသည်။ သိုင်းပြောင်းပြန် ဟု ခေါ်သည်မှာ ရှမ်းကြီးသိုင်း၏ ခြေကွက်များနှင့်မတူ ပြောင်းပြန်သဘောရှိသောကြောင့် သိုင်းပြောင်းပြန်ဟုခေါ်သည်။
(၅) ရာမည သိုင်း
ရာမညသိုင်းသည် မွန်ရိုးရာသိုင်းကိုခေါ်ပါသည်။ မွန်ရိုးရာသိုင်းတွင်လဲ လက်ဝှေ့၊ လက်သိုင်း၊ ဓါးသိုင်း၊ လှံသိုင်းအစရှိသော ပညာရပ်များပါဝင်သည်။ ထို့အပြင် ကရင်ရိုးရာ လက်သိုင်း၊ ဓါးသိုင်း၊ ဒူးလေးပစ်၊ မြှားပစ် အစရှိသောပညာရပ်များ နှင့်အတူ ရိုးရာသိုင်းများ၊ မျိုးနွယ်စုသိုင်းများလဲ ရှိသည်။ဖက်ဆစ်ဂျပန်နဲ့ မြန်မာ့သိုင်းပြောင်းပြန်
သိုင်းပြောင်းပြန်ပညာကို (၁၉၁၁) ခုနှစ်၊ လွန်ခဲ့တဲ့ နှစ်ပေါင်း (၁၀၂) နှစ်က အခု တွံတေး တောကြီးတန်းဘက်က ဇောတိကုန်း ဆိုတဲ့ ရှမ်းရွာမှာ စပြီးသင်ကြားပေးခဲ့တာဖြစ်ပါတယ်။ သင်ကြားပေးတဲ့ခဲ့တဲ့ ဆရာကြီးကတော့ ဦးချယ်ပဲဖြစ်ပါတယ်။ နောင် သိုင်းပြောင်း ပြန်ဦးမောင်လေးလို့ အမည်တွင်လာမယ့် ဆရာကြီး ဦးမောင်လေးအပါအ၀င် (၃) ဦးကို သုံးနှစ်သုံးမိုး သင်ကြားပေးခဲ့တာဖြစ်ပါတယ်။ ဦးချယ် ဘယ်ကလာခဲ့သလဲ ဘယ်ကိုပြန်သွားသလဲဆိုတာလည်း သိခွင့်မရခဲ့ကြပါဘူး။ ရှမ်းပြည်ကလာတယ် ရှမ်းပြည်ကိုပြန်သွားတယ်။ ဒီလောက်ပဲ သိကြရပါတယ်။ ဦးချယ်မှာ ဆရာရှိသလား မရှိသလား မသိရပါ။ ဒါကြောင့်မို့ သိုင်းပြောင်းပြန်ရဲ့ မူလဖခင်ကြီးဟာ ဦးချယ်လို့ပဲသတ်မှတ်ရမှာဖြစ်ပါတယ်။
သိုင်းပြောင်းပြန်အကြောင်းပြောကြမယ်ဆိုရင် ဦးမောင်လေးဆိုတဲ့ နာမည်ကို ချန်ထားခဲ့ရင် လုံးဝပြည့်စုံလိမ့်မယ် မဟုတ်ပါ။ ဘာကြောင့်လဲဆိုတော့ သိုင်းပြောင်းပြန်ပညာရပ်ကို မြန်မာပြည်အနှံ့အပြား ဖြန့်ဖြူးသင်ကြားပေးခဲ့တဲ့ ပုဂ္ဂိုလ်ကြီးဖြစ်လို့ပါပဲ။ သိုင်းပြောင်း ပြန်ရဲ့ ဖခင်ကြီးလည်း ဖြစ်ပါတော့တယ်။ သိုင်းပြောင်းပြန်ဟာ ဦးမောင်လေးဖြစ်ပြီး ဦးမောင်လေးဟာလည်း သိုင်းပြောင်းပြန်ဖြစ်တယ်လို့ ဂုဏ်ပြုပြောဆိုနိုင်ပါတယ်။
ဦးမောင်လေးကို အဖ ဦးဘိုးအို အမိ ဒေါ်စော တို့က ရှမ်းပြည်နယ် နမ့်လိုင်နမ့်ခမ်းကျေးရွာမှာ မွေးပါတယ်။ မွေးချင်း ၆ ယောက်အနက် နို့ညှာဖြစ်ပါတယ်။ မောင်စံထွေးလို့ အမည်မှည့်ပေမယ့် နောင်တော့ အစ်မတွေခေါ်နေကျ မောင်လေးဆိုတဲ့ နာမည်ပဲတွင် ပါတယ်။ ဦးမောင်လေးကိုမွေးပြီး မကြာခင်မှာပဲ အမိအဖတွေဟာ တွံတေး တောကြီးတန်း ဇောတိကုန်းရွာမှာ ပြောင်းရွှေ့အခြေချကြ ပါတယ်။ ပြောရရင် ရှမ်းပြည်ဖက်ကနေ ဧရာဝတီတိုင်းဖက် ပြောင်းလာကြတာပါပဲ။
ဒီမှာ တစ်ခုချန်ထားခဲ့တာက ဦးမောင်လေးကို မွေးတဲ့ နှစ်အပိုင်းအခြားကာလဖြစ်ပါတယ်။ ဒါနဲ့ပတ်သက်ပြီး အထူးပြုပြော ချင်လို့ ချန်ထားခဲ့တာလည်းဖြစ်ပါတယ်။ ဦးမောင်လေးကို ခရစ်နှစ် (၁၈၉၆ ခုနှစ်)၊ မြန်မာနှစ် ၁၂၅၇ ခုနှစ် ပြာသိုလပြည့်ကျော် ၃ ရက် (ကြာသပတေးနေ့) မှာ မွေးဖွားပါတယ်။ ဒီနှစ်ထဲမှာပဲ မြန်မာနိုင်ငံရဲ့ ပထမဆုံးသမ္မတဖြစ်လာမယ့် ညောင်ရွှေစော်ဘွား စ၀်ရွှေသိုက်ကို မွေးဖွားတာလည်းဖြစ်ပါတယ်။ ဂျပန်က Judo ပညာရှင်ကြီး Masutaro O’ Tani လည်း ဒီနှစ်မှာပဲ မွေးဖွားပါတယ်။ တရုတ်ပြည် ဖူဟမ်က Wing Chun သိုင်းပညာရှင် Yip Man (ဘရုစ္စလီရဲ့ ဆရာရင်း) ကိုတော့ ၁၈၉၃ ခုနှစ်မှာ မွေးဖွားတာဖြစ်လို့ ဦးမောင်လေးထက် အသက် ၃ နှစ်ကြီးတယ်လို့ ဆိုရပါမယ်။ ဘာပဲပြောပြော ဒီနှစ်အပိုင်းအခြားတွေဟာ အလွန်ထူးခြားတဲ့ ထက်မြက်တဲ့ ပုဂ္ဂိုလ်တွေ မွေးဖွားတဲ့နှစ်လို့ ဆိုရမှာပဲဖြစ်ပါတယ်။
ဆရာကြီးဦးမောင်လေးအကြောင်းပြန်ဆက်ရရင် ဆရာကြီးဟာ အသက် (၁၅) နှစ်အရွယ်ကစလို့ သိုင်းပြောင်းပြန်ပညာကို သုံးနှစ်သုံးမိုး အပတ်တကုတ်သင်ကြားခဲ့ပြီး အသက် (၂၀) ကျော်ကျော် အရွယ်ကစလို့ ကွယ်လွန်သည်အထိ ဒီပညာရပ်ကို မြန်မာပြည် အနှံ့ ပြန်လည်ဖြန့်ဖြူးသင်ကြားပေးခဲ့ပါတယ်။ ဆရာကြီးကွယ်လွန်ချိန်မှာ အသက် (၈၉) နှစ်အရွယ်ရှိပါပြီ။ ကွယ်လွန်တဲ့ ၂၁-၃-၁၉၈၅ ရက်နေ့အထိ ရေတွက်မယ်ဆိုရင် နှစ်ပေါင်း (၇၀) ကျော်ကျော် အဆက်မပြတ် ပညာဖြန့်ဖြူးပေးခဲ့မှုကြောင့်ပဲ မြန်မာနိုင်ငံအပါအ၀င် ကမ္ဘာ့နိုင်ငံအသီးသီးမှာပါ ဒီ သိုင်းပြောင်းပြန်ပညာရပ်ကို လေ့ကျင့်သင်ကြားသူတွေ တိုးပွားမြဲတိုးပွားလျှက်ရှိပါတော့တယ်။
ဒီမှာတင်ပဲ သမိုင်းအကျဉ်းကို ရပ်လို့ “ဖက်ဆစ်ဂျပန်နဲ့ သိုင်းပြောင်းပြန်” ဆိုတဲ့ အပိုင်းကို ဆက်သွားကြပါဦးစို့။
ကဒက်ဥ ဂျပန်
ဖက်ဆစ်ဂျပန် မြန်မာပြည်ကိုဝင်လာတဲ့အချိန်မှာ ပထမဦးဆုံးနဲ့ အမြန်ဆုံးလုပ်တဲ့ကိစ္စတွေထဲမှာ ယခင် အင်္ဂလိပ်ခေတ်ငွေစက္ကူ သုံးစွဲမှုကိုဖျက်သိမ်းပြီး ငွေစက္ကူသစ် ထုတ်ဝေတာလည်း အဓိကတစ်ချက်ဖြစ်ပါတယ်။ ဒါက အဲဒီခေတ် ဖက်ဆစ်တွေ နယ်ချဲ့တွေ နိုင်ငံ တစ်ခုကို သိမ်းပိုက်ပြီးတဲ့အချိန်မှာ လုပ်လေ့ရှိတဲ့ လုပ်ရိုးလုပ်စဉ်နည်းတစ်ခုပါပဲ။ ဘဏ္ဍာအရင်းအနှီးတွေကို တစ်ချက်တည်းစုစည်းလိုက် တဲ့သဘောပါပဲ။ ဂျပန်ခေတ်ငွေစက္ကူထုတ်လုပ်တဲ့အခါမှာ ကဒက်ဥကိုလည်း ကုန်ကြမ်းအဖြစ်သုံးပါတယ်။ ကဒက်ဥဟာ ငွေစက္ကူထုတ် လုပ်ရာမှာ အခရာကျတယ်လို့လည်း ဆိုရမှာဖြစ်ပါတယ်။ ငွေစက္ကူသားချောမွေ့ကောင်းမွန်ဖို့ ရေရှည်ခံဖို့နဲ့ တောင့်တင်းဖို့အဓိက အသုံး ပြုတယ်လို့ဆိုပါတယ်။
ဂျပန်ခေတ်ကိုသိမီလိုက်ကြတဲ့ လူကြီးသူမတွေပြောပုံအရဆိုရင် ဂျပန်စစ်တပ်ဟာ ငွေကိုရေလိုသုံးတယ်တဲ့။ ဂျပန်စစ်သား တွေရဲ့ခါးမှာ ငွေရိုက်ထုတ်လို့ရတဲ့စက်ကိုများ ချိတ်ထားသလားအောက်မေ့ရတယ်တဲ့။ ဆိုလိုတာက ငွေစက္ကူကို ဘုန်းဘောလအော တင်းကြမ်းရိုက်ထုတ်နေတာပါ။ ဒါကြောင့် ငွေတန်ဘိုးလည်းမရှိပါဘူး။ ငွေကြေးဖောင်းပွမှုလည်း အဆမတန်မြင့်တက်ပါတယ်။ မြန်မာ ပြည်သူတွေ အင်မတန်ဆင်းရဲတွင်းနက်ကြပါတယ်။ အခြေခံစားသောက်ကုန်နဲ့ ပစ္စည်းပစ္စယတွေလည်း အင်မတန်ရှားပါးသွားပါတယ်။ ဂျပန်လံကွတ်တီအဟောင်းအစုတ်တောင် မြန်မာတွေမှာ အရောင်းအ၀ယ်ဖြစ်တယ်လို့ ဂျပန်လူမျိုးဦးရွှေဘနဲ့ မြန်မာ့အသံဦးကျော်ဦးတို့ ဘာသာပြန်တဲ့ “စစ်အတွင်း မြန်မာပြည် အတွေ့အကြုံများ” ဆိုတဲ့စာအုပ်မှာ ဖတ်ရဖူးပါတယ်။ ဒါတောင် ဂျပန်အုပ်စိုးသွားတာ ၁၉၄၂ ခုနှစ်ကနေ ၁၉၄၅ ခုနှစ်အထိ သုံးနှစ်သာသာလေးမို့လို့။
ဆိုတော့ ငွေတွေများများရိုက်ထုတ်လေလေ ကဒက်ဥတွေများများလိုလေလို့ ပြောရမှာပါပဲ။ ဒီ ဂျပန်ခေတ်မှာပဲ ဆရာကြီး ဦးမောင်လေးဟာ ကဒက်ဥ ကုန်သည်ဖြစ်ရပါတော့တယ်။ ဒီလိုဖြစ်လို့ ဆရာကြီးဟာ ဖက်ဆစ်ဂျပန်ကိုကူညီတဲ့သူလို့တော့ မပြောသာ ပါဘူး။ ဒီခေတ်ဆိုးခေတ်ပျက်ကာလ လူတိုင်းဖြူကာပြာကာ မွဲနေကြတဲ့အချိန်မှာ စားဝတ်နေရေးအတွက် မဖြစ်သာလို့ ရုန်းကန်ရတယ် လို့ပဲ မှတ်ယူရမှာပါ။ ဖက်ဆစ်ဂျပန်ဆိုတာကလည်း ခိုင်းရင်ခိုင်းတာလုပ်မှ မဟုတ်လား။ ဘာပဲဖြစ်ဖြစ် ဆရာကြီးဇာတိ ဇောတိကုန်း တ၀ိုက် အရိုးတော်ရွာအပါအ၀င် ရွာနီးချုပ်စပ်ဟာ ဂျပန်ခေတ်မှာ ကဒက်ဥကြောင့် ပါးစပ်စို ၀မ်းစိုနိုင်ကြပါတယ်။
ဆရာကြီးဦးမောင်လေး ကဒက်ဥကုန်သည်ဖြစ်ရတာကလည်း ရိုးရှင်းပါတယ်။ တနေ့မှာ ဇောတိကုန်းဖက် စက်ချုပ်စက် ရှာဝယ်နေတဲ့ ဂျပန်အ၀ယ်တော် ကိုဘစောဆိုတဲ့လူကို ငွေလုအသတ်ခံရမယ့်အရေးက ကယ်လိုက်ပါတယ်။ ဒီကနေ စကားစပ်မိလို့ ဒီဖက် တကြော ကဒက်ဥပေါတယ်ဆိုရင် ၀ယ်ချင်ပါတယ်ဆိုတာနဲ့ နောက်ဆုံးတော့ ကဒက်ဥကုန်သည်ဖြစ်ရတော့တာပါပဲ။ ကိုဘစော ကလည်း သူဟာ ဂျပန်အလိုတော်ရိမဟုတ်ပါ၊ အ၀ယ်တော်သက်သက်၊ ဘာသာပြန်ပေးသူသက်သက်သာဖြစ်ပါတယ်လို့ ၀န်ခံကတိပြု တာကြောင့်လည်း အရောင်းအ၀ယ်တည့်သွားပုံရပါတယ်။ ရွာနီးချုပ်စပ်က တူးခိုင်းလို့ရတဲ့ ကဒက်ဥကို ရန်ကုန်က ရွှေဂုံတိုင် ဂျပန်ဂတ် တဲကို သွင်းရပါတယ်။ ကဒက်ဥဖိုးငွေကိုတော့ ကန်တော်ကြီးဂျပန်ဂတ်တဲမှာ ထုတ်ယူ။ ရွာပြန်လာ။ တူးပေးတဲ့သူတွေကို ပြန်ပြီးခွဲခြမ်း ဝေငှပေး။ ဒီအလုပ်ပါပဲ။
မဟုတ်မခံ သိုင်းပြောင်းပြန်
အဲဒီခေတ်မှာ ဂျပန်ဟာ လိုရင်လိုသလို ချွေးတပ်ဆွဲ၊ မသင်္ကာတဲ့လူကို ဖမ်းဆီးနှိပ်စက်တတ်ပေမယ့် ဆရာကြီးဦးမောင်လေး တစ်ယောက် ဒီလို ကဒက်ဥတွေ ပို့ချည် ပြန်ချည် လုပ်နေတာ ဘာပြဿနာမှ ကြီးကြီးမားမားမဖြစ်ပါဘူး။ ဂျပန်စစ်တပ်က ထုတ်ပေး ထားတဲ့ ထောက်ခံစာဟာလည်း အတော်ကိုအသုံးတည့်နေပါတယ်။ ဇောတိကုန်းနဲ့ ရွာနီးချုပ်စပ်မှာ ချွေးတပ်ဆွဲခံရမယ့်အရေး၊ ဖမ်းဆီး နှိပ်စက်ခံရမယ့်အရေးတွေကို ဒီထောက်ခံစာအစွမ်းနဲ့ ဒေသခံတွေကို ကူညီရှာပါတယ်။ ဦးမောင်လေးရဲ့ ကဒက်ဥသမ္ဗာန် ဗားဂရာလှေ ဆိပ်ရောက်လာပြီဆိုတာနဲ့ ဆိပ်ကမ်းက ကုန်တင်ကုန်ချအလုပ်သမားတိုင်း အခမဲ့သယ်ပိုးပေးကြပါတယ်။ အကြောင်းကတော့ ဂျပန်တွေ ချွေးတပ်သားလိုတဲ့အခါ ဗားဂရာလှေဆိပ်မှာ လာလာဆွဲတတ်ပါတယ်။ ဒီလိုချွေးတပ်ဆွဲတဲ့အခါနဲ့ ဆရာကြီးဦးမောင်လေးက ဒါ သူ့လူ တွေပါပဲလို့ စစ်တပ်ထောက်ခံစာထုတ်ထုတ်ပြပြီး ကူညီလေ့ရှိပါတယ်။ ဒါကြောင့် ချွေးတပ်ဆွဲခံရမယ့်အရေးက အမြဲလွတ်လေ့ရှိပါတယ်။ နောင်တော့ ဗားဂရာလှေဆိပ်ဖက်ကို ဂျပန်တွေခြေဦးလှည့်မလာကြတော့။ ဆရာကြီးဦးမောင်လေးထုတ်ပြမယ့် ဂျပန်စစ်တပ်ထောက် ခံစာကို ခဏခဏမဖတ်ချင်တော့လို့ ဖြစ်ပါလိမ့်မယ်။
ဦးမောင်လေးဟာ ဂျပန်ကိုကဒက်ဥရောင်းပေမယ့် ဂျပန်တွေဗိုလ်ကျတာတော့ ငုံ့ခံလေ့မရှိခဲ့ဘူး။ တနေ့တော့ ကဒက်ဥသွင်းပြီး ငွေသွားအထုတ်မှာ ငွေကိုင် ဂျပန်အလိုတော်ရိကုလားနဲ့ ဂျပန်တစ်ယောက်ပေါင်းပြီး ကဒက်ဥဖိုးထဲက ငွေတစ်သောင်းကို ဖျောင်ထား ဖို့ကြံကြပါတယ်။ ဒီမှာတင် ဂျပန်နဲ့ ဦးမောင်လေးတို့ အပြန်အလှန်အော်ကြီးဟစ်ကျယ် ဖြစ်ကြပါတယ်။ ဂျပန်ကလည်း ဂျပန်လို ဆူဆဲ အော်ငေါက်ပြီး ထွက်သွားဖို့ချည်းပြောတယ်။ ဆရာကြီးဦးမောင်လေးဟာ ဂျပန်ကငေါက်ငမ်းလို့ ငုံ့ပြန်သွားလိမ့်မယ်မထင်နဲ့။ ငွေတစ် သောင်းလိုနေတယ်ဆိုတာကို ပယ်ပယ်နယ်နယ် ပတ်တုတ်ရိုက်ပြီး ပြန်အော်ပါတယ်။ သူငေါက် ကိုယ်အော်ပါပဲ။ စစ်တပ်တစ်တပ်လုံး ဆူညံပွက်သွားအောင် အော်ပါတယ်။ ဒီအတိုင်းငြိမ်ခံပြီးပြန်လာရင်လည်း ရွာမှာကျန်ခဲ့တဲ့ ကဒက်ဥတူးသူတွေကို ကိုယ့်အိတ်ထဲက ငွေတစ်သောင်းစိုက် လျော်ရပေလိမ့်မယ်။ ဒီမှာတင် ကိုဘစောရောက်လာလို့ အဖြစ်အပျက်ကို သေချာအောင်ပြောနိုင်တော့တယ်။ ကိုဘစောနဲ့ရှေ့ဆင့်နောက်ဆင့် ဂျပန်အရာရှိရောက်လာပြီး အကျိုးအကြောင်းသိတဲ့အခါ ငွေကိုင်ကုလားနဲ့ ဂျပန်စာရေးကို ခွေခေါက်လဲ သွားလောက်အောင် ပါးနားရိုက် ကန်ကျောက် ထိုးကြိတ်ပြီး ခိုးထားတဲ့ငွေကို ပြန်ပေးစေပါတယ်။ ကဒက်ဥဆိုတာ ဖက်ဆစ်တို့အတွက် ငွေဖြစ်နေတာမဟုတ်ပါလား။ ဖက်ဆစ်တို့ရဲ့ ဘဏ္ဍာရေးယန္တယားကြီးတစ်ခုလုံးဟာလည်း ဦးမောင်လေးရဲ့ လက်ထဲမှာပဲ မဟုတ်ပါလား။
သေနတ်မပါတမ်း ကြိုက်သလိုစမ်း
ငွေတစ်သောင်းအမှုရှင်းအပြီး ဦးမောင်လေးတို့သမီးယောက်ဖနှစ်ယောက် ငါးထပ်ကြီးဘက်ကိုအသွား ၀င်္ကဘာလမ်း အ ရောက်မှာ ဂျပန်တစ်ယောက်နဲ့ ဗမာတစ်ယောက် သူတစ်ပြန်ကိုယ်တစ်ပြန် ထိုးကြိတ်နေကြပါလေရောလား။ ယောက်ဖလုပ်သူက ဦး မောင်လေးအကြောင်းသိဖြစ်လို့ ရန်ပွဲကိုရှောင်ဖို့ အတင်းပြောတယ်။ ဦးမောင်လေးကတော့ နားမထောင်။ ဗမာကလက်ရည်သာတယ်။ ဗမာ့လက်ဝှေ့တတ်ပုံရတယ်ဆိုတာ သူသိတယ်။ ဗမာဖက်က ထိုးချလိုက်လို့ ဂျပန်မှောက်မှောက်သွားတိုင်း အားရနေပုံရတယ်။ ငွေတစ် သောင်းကိစ္စကြောင့် စိတ်ချဉ်ပေါက်နေတာ အတော်ပဲဖြစ်သွားပုံရတယ်။ ဘေးကနေညာပေးတယ်။ ပြတ်ပြတ်တွယ်ပစ်ဖို့ အားပေးတယ်။ နောက်ဆုံးတော့ ဂျပန်လည်း ခွေခေါက်သွားရပြီ။ ဗမာ့လက်ဝှေ့သမားလည်း မောပြီ။ ဒီမှာတင် ဂျပန်စစ်ပုလိပ်ကားတစ်စီး ဝေါကနဲ ရောက်လာပြီး စစ်ဗိုလ်တစ်ယောက်က သူနဲ့ဆက်ချကြဖို့ လက်ဝှေ့သမားကို စိန်ခေါ်ပြန်တယ်။ ဒီမှာတင် ဦးမောင်လေးလည်း ငြိမ်မ နေတော့ သေချင်သေပါစေ ဆက်ချဖို့ လက်ဝှေ့သမားကို အတင်းတွန်းတော့တယ်။
(ပုံစာ - ဒုတိယကမ္ဘာစစ်အတွင်းက အိုကီနာဝါကျွန်းပေါ်ရှိ ကင်ပေစစ်လေ့ကျင့်ရေးစခန်းက ကိုယ်ခံပညာသင်တန်းတစ်ခု)
ဂျပန်စစ်ဗိုလ်လည်း မြောက်ကြွမြောက်ကြွလုပ်နေတဲ့ ဦးမောင်လေးကို ကြည့်မရဘဲ စိန်ခေါ်တော့တယ်။ ဆရာကြီးဦးမောင်လေးဟာ ဒီအကွက်ကို စောင့်နေတာ ဖြစ်ပါလိမ့်မယ်။ ရေငတ်တုန်း ရေတွင်းထဲကျဆိုသလို စိမ်လိုက်စမ်းပေါ့။ ယောက်ဖလုပ်သူ ကိုဘိုးဆင်ခမျာ ငိုကြီးချက်မနဲ့ အတင်းတားပေမယ့် မရတော့။ ကိုဘိုးဆင် ငို မယ်ဆို ငိုလောက်စရာ။ စစ်ပုလိပ်ဆိုတာ ကင်ပေတွေပဲမဟုတ်ပါလား။ ကင်ပေဆိုတာလည်း ဖက်ဆစ်ထဲမှာ ကြမ်းပေ့ ရမ်းပေ့ဆိုတာမျိုး။ ကင်ပေတိုင်း ဂျပန်ကိုယ်ခံပညာ ကောင်းကောင်းတတ်အောင် လေ့ကျင့်ပေးလိုက်ပြီးသား။ ရက်စက်တတ်အောင်လည်း ကင်ပေသင် တန်းမှာကတည်းက သင်တန်းသားချင်း အပြန်အလှန် ပါးရိုက်ခိုင်းထားတာ။ ပါးရိုက်တာတောင် အချင်းချင်းမို့ညှာရိုက် လျှော့ရိုက်ရင် ဆရာသမားတွေက ကောင်းကောင်းဝင်ရိုက်ပြီး သင်ပေးထားတာ။ ဦးမောင်လေးကတော့ ဘာကောင်ကြီးဖြစ်ဖြစ်မကြောက်။ “ငါသင် ထားတဲ့ပညာဟာ အမျိုးဘာသာ သာသနာအတွက်” လို့ ဆိုထည့်ပြီး ဂျပန်နဲ့ရင်ဆိုင်လိုက်တော့တယ်။
ဂျပန်စစ်ဗိုလ်က နံပါတ်တုတ်ကို ကင်ဒိုခုတ်ဟန်သုံးပြီး ထိုးတယ်။ တိုက်တယ်။ ရိုက်တယ်။ သိုင်းပြောင်းပြန်သမားဦးမောင်လေး က လက်ချည်းသက်သက်။ ဒါပေမယ့် မနိုင်ရေးချ မနိုင်။ ဂျပန်စစ်ဗိုလ်ခမျာ မနိုင်ရုံသာမက အာလူးသီးအပိန်းပိန်းထပြီး ခံရတော့တယ်။ ဆရာမနိုင်တော့ တပည့်တပ်ကြပ်ကြီးတစ်ယောက်က နံပါတ်တုတ်နဲ့ ၀င်ရိုက်ပြန်တယ်။ ဦးမောင်လေးလည်း ဂျပန်စစ်ပုလိပ်နှစ်ယောက် စလုံးမှောက်သွားအောင် အပြတ်ဆွဲပစ်လိုက်တော့တယ်။ သိုင်းပြောင်းပြန်မဟုတ်ပါလား။ သိုင်းပြောင်းပြန်စစ်တယ်ဆိုရင် မောင်းပြန် သေနတ်ကလွဲရင် ကြိုက်တာနဲ့စမ်း။
ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)
Goshi Gaeshi ဆိုတဲ့စကားလုံးဟာ ဂျပန်ရဲ့ Harai Goshi Gaeshi ဆိုတဲ့စကားလုံးက လာတာဖြစ်ပါတယ်။ လွယ်လွယ်ပဲ ပြောရရင်တော့ ဆွဲ၊ ကိုင်၊ ချုပ်၊ ညှစ်၊ ပေါက် ဆိုတဲ့ ဂျူဒိုပညာ။ အသတ်အပုတ်ပညာ။ သိုင်းပညာ။ Kaisha ဆိုတာကတော့ ကုမ္ပဏီ၊ အသင်း၊ အစုအဝေး၊ အဖွဲ့အစည်းလို့ဆိုပါတယ်။
ဂျပန်စစ်ပုလိပ်တွေခမျာ ဦးမောင်လေးရဲ့ သိုင်းပြောင်းပြန်နဲ့အတွေ့မှာ ကြယ်လ နက္ခတ္တာရာ အတော်စုံသွားပုံရတယ်။ ဒါပေမယ့် ချက်ချင်းကုန်းရုန်းထပြီး ဦးမောင်လေးကို ၀မ်းသာအားရ လက်ဆွဲနှုတ်ဆက်ကြပါတယ်။ ဂျစ်ကားပေါ် အတင်းဆွဲတင်ကြ ပါတယ်။ ကိုဘိုးဆင်ကတော့ အကောင်းလို့မထင်။ ဒီတစ်ခါတော့ နေလှန်းပြီး လက်သည်းခွံအခွါခံရပြီပေါ့လို့ ချုံးပွဲချငို။
မင်္ဂလာဒုံဂျပန်စစ်တပ်ထဲ ရောက်တဲ့အခါ ဂျပန်အရာရှိတစ်ယောက်နဲ့တွေ့တော့မှ ရှင်းတော့တယ်။ ဦးမောင်လေးပညာပေး လိုက်တဲ့ ဂျပန်စစ်ပုလိပ်တွေဟာ နယ်နယ်ရရထဲကမဟုတ် ကိုယ်ခံပညာအတော်ကြီးတတ်ထားကြသူများပင်။ ဒါကြောင့် ဒီနှစ်ယောက် ကို လက်နှက်မပါ လက်ဗလာနဲ့ဆော်ထည့်လိုက်တဲ့သူဆိုတာလည်း ပေါ့သေးသေးမဟုတ် ဆရာ့ဆရာကြီးပဲဖြစ်ရတော့မယ်။ ဒါကြောင့် ဖျာပုံစစ်တပ်မှာ သိုင်းသင်ပေးစေ။ အမိန့်။ ငြင်းရင်သေနိုင်တာမို့ မငြင်းတော့။ ဖက်ဆစ်ကို ပညာသင်ပေးရမှာဖြစ်လို့ အမျိုးဘာသာ သာသနာကို နှိပ်စက်ပေတော့မယ်။ မြွေမသေ တုတ်မကျိုး ငါးပြားဆယ်ပြားဖိုးအဆင့်လောက်ပဲ သင်ပေးဖို့ဆုံးဖြတ်ပြီး လက်ခံလိုက်ရ တော့တယ်။ (စကားချပ် - ဂျပန်တွေဟာ တရုတ်ပြည် ဖူဟမ်ကို သိမ်းထားတုန်းကလည်း တရုတ်သိုင်းပညာရှင်တွေကို အမျိုးမျိုးစမ်း သပ်ပြီး ပညာသင် ယူဖို့ကြိုးစားကြတယ်။ ဂျပန်တွေရဲ့ပညာလိုလားမှုဟာ မာနခံမထားဘူး။ သူတို့ထက်သာတယ်ဆိုရင် တပည့်ခံဖို့ဝန် မလေးဘူး။ အတုယူ ထိုက်ပါတယ်။ နောင် ဘရုစ္စလီရဲ့ ဆရာဖြစ်လာမယ့် Wing Chun သိုင်းပညာရှင် Yip Man ဟာ ဂျပန်ဆယ် ယောက်ကို တပြိုင်တည်းစိန်ခေါ်တိုက်ခိုက်နိုင်ခဲ့လို့ ဂျပန်စစ်တပ်မှာ သိုင်းသင်ပေးရမယ်လို့ အဓမ္မခိုင်းတာခံရဖူးပါတယ်။ တရုတ်နဲ့ဂျပန် သမိုင်းအကြွေးက မပြေနိုင်လောက်အောင်ကြီးလို့ Yip Man က အပြတ်ငြင်းပြီး ရှောင်ပုန်းနေခဲ့ရတယ်။ ဟောင်ကောင်မင်းသား Donnie Yen က Yip Man အသွင်နဲ့ အပြီအပြင်သရုပ်ဆောင်ထားတာ အတွဲ ၂ တွဲတောင်ရှိပါတယ်။ ကိုလွင်မိုးကလည်း အားကျမခံ “ပြောင်းပြန် မောင်လေး” ဆိုပြီး ဆရာကြီးဦးမောင်လေးရဲ့ အတ္ထုပတ္တိတစ်စိတ်တစ်ပိုင်းကို ဗွီဒီယိုတစ်ကားရိုက်ထားတာ ကြည့်ရဖူးပါတယ်။ ဂွကျတာ က အဓိကသရုပ်ဆောင် ကိုလွင်မိုးခမျာ သိုင်းပြောင်းပြန်လည်း ကောင်းကောင်းမတတ်၊ မြန်မာ့ဗွီဒီယိုအဆင့်အတန်းကလည်း အကန့် အသတ်ဖြစ်နေတော့ အားရစရာကိုမရှိပါ။ ဘာပဲဖြစ်ဖြစ် ကြံဖန်ပြီးတော့ ကျေးဇူးတင်သင့်တယ်။)
ဖျာပုံဂျပန်တပ်မှာ သိုင်းသင်ရမယ်လို့အမိန့်ချလိုက်တော့လည်း မတတ်နိုင်။ သင်ရပေပြီ။ သင်ပေးတဲ့အခါကျတော့လည်း မညှာ မတာ မခိုမကပ်သင်ပေးတယ်။ ပြောင်းပြန်ပညာအပေါ်အထင်အမြင်မသေးစေဖို့ ကောင်းကောင်းမွန်မွန်ကြပ်ကြပ်မတ်မတ်သင်ပေးတယ်။ သင်ပေးပေမယ်လို့ ပေးချင်သလောက်ကိုပဲ အကန့်အသတ်နဲ့သင်ပေးတယ်လို့ ဆရာကြီးဦးမောင်လေးက ဆိုပါတယ်။ ဒါတောင်မှပဲ ကိုရွှေ ဂျပန်တို့ခမျာ ပြဲပြဲလန်အောင်သင်ယူကြရရှာတယ်။ ဦးမောင်လေးကလည်း ကောင်းကောင်းကြီးမောင်းတယ်။ ဒီလိုပယ်၊ ဒီလိုခုတ်၊ ဒီလိုခွဲ။ တစ်ခါနှစ်ခါပြောလို့ပြလို့နားမ၀င်ရင် ဗြောင်း၊ ဒိုင်း၊ ဖုန်း၊ ခွက် ဆိုတဲ့အသံတွေမြည်လာမယ်။ နဘန်ကျင်းမယ်။ သိုင်းပြောင်းပြန် ဂျပန်သင်တန်းသားများခမျာ ဖျာပုံမှာ ပြာပုံဘ၀ရောက်ရတော့မလား ဆိုရလောက်အောင် ဦးမောင်လေးရဲ့လက်စွမ်းကို မြည်းစမ်းခဲ့ရရှာ တယ်။ မြန်မာတစ်မျိုးသားလုံး ဖက်ဆစ်ဂျပန်တွေ နှိပ်စက်တာခံနေရတဲ့ကာလကြီးမှာ ဆရာကြီးဦးမောင်လေးက သူတို့ကို ကောင်း ကောင်းကြီး နဘန်ကျင်းခွင့်ရနေတယ်။ ကောင်းကောင်းကြီး အော်ငေါက်ဆူပူခွင့်ရနေတယ်။ သိုင်းပြောင်းပြန်ပညာရပ်ရဲ့ ထူးခြားတဲ့ ကံကြမ္မာ၊ ဆရာကြီးဦးမောင်လေးရဲ့ ထူးခြားတဲ့ကံကြမ္မာလို့ပဲ ဆိုရပါတော့မယ်။
ဒီလို သိုင်းသင်ပေးနေရတဲ့ တစ်လနီးပါးကာလအတွင်းမှာ ကဒက်ဥမျှော်တဲ့ ဂျပန်အရာရှိကလည်း ဦးမောင်လေးကို မျှော်ရှာ တယ်။ ပိုက်ဆံတစ်သောင်း အခိုးခံရလို့ စိတ်ဆိုးပြီးလာမပို့တော့တာလားလို့လည်း တွေးနေပုံရတယ်။ စကားပြန်ကိုဘစောကို ဇောတိ ကုန်းလွှတ်ပြီး စုံစမ်းခိုင်းပြန်တယ်။ ကင်ပေဖမ်းတာခံရတယ်လို့သိရတဲ့အခါ တပ်အသီးသီးကို ဆင့်ကဲဆင့်ကဲစုံစမ်းရပြန်တယ်။ ကိုဘစော ခမျာ သူ့အသက်သခင်အရေးမို့ အတော်အပင်ပန်းခံပြီး စုံစမ်းမေးမြန်းဟန်တူပါတယ်။ နောက်ဆုံး ဖျာပုံတပ်မှာ သိုင်းသင်ပေးနေရတယ် ဆိုတော့မှ စိတ်အေးကြရတော့တယ်။ ဦးမောင်လေးကို ပြန်လွှတ်ပေးဖို့ ပြောရတယ်။ ဖျာပုံတပ်ကလည်း ဆရာကြီးရဲ့အစွမ်းကို ကောင်း ကောင်းကြီးလေးစားနေကြပြီမို့ ပြန်မလွှတ်ချင်။ ဂျပန်စစ်အရာရှိများကလည်း သင်တန်းဆရာအဖြစ်သာဆက်ထားဖို့ အလိုရှိကြပြန်တယ်။ ဒီမှာတင် ဦးမောင်လေးမရှိရင် ကဒက်ဥရှာဖို့ အခက်အခဲပိုဖြစ်သွားလိမ့်မယ်လို့ ကိုဘစောက ချက်ကျလက်ကျအကြောင်းပြတော့မှ တွံတေးကို ချက်ချင်းပြန်ပို့ပေးဖို့ စစ်မိန့်ထုတ်ရတော့တယ်။ ကဒက်ဥဟာ အရေးကြီးတယ်မဟုတ်ပါလား။ ဘဏ္ဍာရေးဟာ အရေးကြီး တယ်မဟုတ်ပါလား။
(ပုံစာ - ဂျပန်တပ်မတော်က ထုတ်ပေးလေ့ရှိတဲ့ ဂုဏ်ထူးဆောင်လက်မှတ်။ ယခုပုံသည် Jugun Kisho Certificate သာဖြစ်ပြီး၊ ဆရာကြီးမောင်လေးကိုပေးအပ်ခဲ့သော ဂုဏ်ပြုလက်မှတ်ပုံသဏ္ဌာန်ကို ရှာဖွေရခက်ခဲနေပါသဖြင့် အနီးစပ်ဆုံးတူသော ပုံကိုသာ ဖော်ပြထားပါတယ်။)
ဇောတိကုန်းပြန်ရောက်ပြီး ကဒက်ဥတွေပြန်စု၊ ပို့လို့ရတဲ့အချိန်ကျတော့ ရန်ကုန်ကိုပို့ပေးရပြန်တယ်။ ဒီတစ်ခေါက်မှာ ကိုဘစောကအသင့်ကြိုပြီး ဂျပန်စစ်အရာရှိကြီးတစ်ယောက်ဆီ ခေါ်သွားပြန်တယ်။ ဦးမောင်လေးကိုတွေ့တဲ့အခါ ဂျပန်အရာရှိဟာ အင် မတန်သဘောကျဟန်ပြပြီး ကောင်းကောင်းမွန်မွန်ဆီးကြိုတယ်။ ခြေဆံ လက်ဆံ လက်အိုး ပေါင်ခွင်တွေကို ကိုင်ညှစ်ကြည့်ပြီး အင်မတန် မှချီးမွှမ်းတယ်။ နောက်တော့ တစ်တောင်ပတ်လည်နီးပါးရှိတဲ့ ဂျပန်စာတွေရိုက်နှိပ်ထားတဲ့စာရွက်ကြီးအလယ်မှာ ရွှေစာလုံးကြီးတစ်လုံး ထင်းနေအောင်ထပ်ပြီးရိုက်ထားတဲ့ ဂုဏ်ပြုလက်မှတ်ကို ထုတ်ပေးပါတော့တယ်။ ဒါဟာ ဂျပန်တပ်မတော်ရဲ့ ဂုဏ်ထူးဆောင်သိုင်း ဆရာကြီးဘွဲ့။ တနည်းအားဖြင့် “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” ပါပဲ။ ဒီဂျပန်စကားစုရဲ့အဓိပ္ပါယ်ကို ဆီလျော်အောင် ဘာသာပြန်ကြည့်ရင် သိုင်းပညာအရာမှာ အစုအဝေးစွမ်းအားရှိသောပုဂ္ဂိုလ်လို့ ပြန်ရမလားမပြောတတ်ပါ။ ဒီဂုဏ်ထူးဆောင်လက်မှတ်မှာ ပါတဲ့ အခြားစာသားတွေရဲ့အဓိပ္ပါယ်ကို နားလည်တဲ့ပုဂ္ဂိုလ်များကို မေးမြန်းကြည့်တဲ့အခါမှာလည်း လူ ၃၀ ဦးရဲ့ စွမ်းအားနဲ့ညီမျှတဲ့ ပုဂ္ဂိုလ်လို့ ချီးမွှမ်းထားသေးကြောင်း ဆရာကြီးဦးမောင်လေးက ပြောပြဖူးပါတယ်။ ဖျာပုံတပ်မှာ ဆရာကြီးဦးမောင်လေးကို ဘယ်လိုထပ် စမ်းကြသေးသလဲဆိုတာ မသိရပါ။ ဂျပန်စစ်တပ်အသိုင်းအ၀ိုင်းမှာတော့ ဆရာကြီးဦးမောင်လေးရဲ့ဂုဏ်သတင်းဟာ မွှေးပျံ့နေပါတော့ တယ်။ သိပ်ကြမ်းတဲ့ ပုဂ္ဂိုလ်ကြီး။ ဒေါသကလည်း ထက်သတဲ့။ ပညာခံကလည်း အင်မတန်စွမ်းတယ်လို့ ဆိုစမှတ်ပြုကြပါတယ်။ ဆရာကြီးဦးမောင်လေးက “ဂိုရှိ ဂေးရှိ ခိုင်းရှား (Goshi Gaeshi Kaisha)” လို့ဆိုလိုက်တာနဲ့ ဂျပန်စစ်သားကြီးကြီးငယ်ငယ်ဟူသမျှ အလေးပြုအရိုအသေပေးရပါတော့တယ်။
ဆရာကြီးဦးမောင်လေးဟာ ဒီဂုဏ်ထူးဆောင်လက်မှတ်အစွမ်းကိုအသုံးချလို့ ဂျပန်ခေတ်တလျောက် သူနဲ့နီးစပ်ပတ်သက်ရာ မြန်မာလူထုများကို အကူအညီအမြောက်အများပေးနိုင်ခဲ့ပါတယ်။
တရုတ်သိုင်းပညာ
တရုတ်နိုင်ငံသည် အရှေ့တိုင်းသိုင်းပညာတို့ရဲ့ မိခင်ကြီးနဲ့တူသည်။ ကမ္ဘာက အသိများသော ဂျပန်သိုင်းပညာများသည် တရုတ်နိုင်ငံမှ ဆင်းသက်ပေါက်ဖွားကူးပြောင်းသွားသော ပညာရပ်များဖြစ်ပေသည်။ တရုတ်ပြည်ဟောင်းအစိုးရသည် သိုင်းပညာနှင့် သိုင်းပညာရှင်များကို လျစ်လျူ
ရှုပြီး ဥပေက္ခာပြုထားခဲ့သဖြင့် တိုးတက်သင့်သလောက် မတိုးတက်ခဲ့ပေ။ တရုတ်ပြည်သစ်အစိုးရတက်လာတော့မှပဲ အစိုးရရဲ့အားပေးအားမြှောက်ပြုလုပ်မှုများကြောင့် တစ်ရှိန်တိုး ပြန်လည်တိုးတက်လာခဲ့သည်။ နှစ်စဉ် နိုင်ငံလုံးဆိုင်ရာပြပွဲများ နှင့် ပြိုင်ပွဲများ ပြုလုပ်ပေးမှုများကြောင့် အဆင့်အတန်းလည်း မြင့်တက်လာသည်။ သိုင်းပညာလိုက်စားသူများလည်း တနှစ်ထက်တစ်နှစ် ပိုမိုများပြားလာသည်။ အနောက်တိုင်းကျန်းမာရေး လေ့ကျင့်ခန်းနေရာတွင် တရုတ်သိုင်းလေ့ကျင့်ခန်းများကို အစားထိုးထည့်သွင်းလာသည့်အတွက် ပြည်သူတို့၏ ကျန်းမာရေးအဆင့်ကို သိုင်းပညာများဖြင့် မြှင့်တင်ပေးထားသလို ဖြစ်နေပါသည်။
အကြောသေရောဂါ ၊ နာတာရှည်ရောဂါများကို ထိုက်ကြည့်ချွင်း ခေါ် သိုင်းနည်းများဖြင့် ကုသပေးနိုင်သဖြင့် လူကြီးလူငယ် ကျားမမရွေး တောရောမြို့ပါမကျန် သင်ကြားလေ့ကျင့်ရန် အားသန်နေကြပေသည်။ တရုတ်သိုင်းပညာတွင်
(၁) အလွတ်သိုင်းပညာ
(၂) လက်နက်စွဲကိုင်သိုင်းပညာ နှစ်မျိုး ခွဲခြားထားသည်။
အလွတ်သိုင်းပညာတွင် ဆန်ချွင်း ၊ ထိုက်ကြည့်ချွင်း ၊စသည့် ပညာပိုင်းများ အခုခေတ်လူများ ပိုမိုစိတ်ဝင်စားကြသည်။ ဆန်ချွင်း ခေါ် အလွတ်သိုင်းပညာတါင် ရှောင်လင် ၊ လျူဟိုမိကြုံ ၊ ဆာ ၊ ၀ှား ၊ ဖောက် ၊ ဟုန် စသော သိုင်းကစားနည်းများ ပါဝင်သည်။
ဂျပန်သိုင်းပညာ
ဂျပန်နိုင်ငံသည် တရုတ်နိုင်ငံထက် သိုင်းပညာသက်တမ်း နောက်ကျသော်လည်း ယင်းတို့ရဲ့ သိုင်းပညာများကို ကမ္ဘာနှင့်အ၀ှမ်း လူသိများလာကြသည်။ ဂျပန်နိုင်ငံတွင် လက်ရှိ ထင်ရှားသောသိုင်းပညာများမှာ
(၁) ဂျုဒို - လက်သိုင်းဗန်တို မူသစ်အတတ်
(၂) အိုင်ကီဒို - လက်သိုင်း ဗန်တို မူသစ်မူကွဲအတတ်
(၃) ကရာတေး - လက်သိုင်း ဗန်တို မူသစ်မူကွဲအတတ်
(၄) ဂျူးဂျစ်ဆု - လက်သိုင်း ဗန်တို မူဟောင်းအတတ်
(၅) ကင်ဒို - ဓားသိုင်းအတတ်
(၆) ဘူဒို - လေး မြား ဓား လှံ အတတ်
(၇) ဆူမို - နပန်းအတတ်တို့ပင် ဖြစ်ကြသည်။
ဂျူဒိုသည် ခေတ်အစားဆုံး ဖြစ်သည်။ ဒါပေမယ့် ကာကွယ်အတတ်ထက် အားကစားဘက်ကို ပိုယိမ်းသဖြင့် ကျန်သည်ပညာရပ်များကိုပဲ အားထားကြသည်။
အိန္ဒိယသိုင်းပညာ
သိုင်းပညာအစ အိန္ဒိယက ဟု အချို့သုတေသီများက တင်ပြထားကြသည်။ အိန္ဒိယနိုင်ငံသည် အခြားအာရှနိုင်ငံများထက် ယဉ်ကျေးမှု ပို၍ရှေးကျသဖြင့် ယုတ္တိတန်ပေသည်။ လေးရာစုနှစ်အတွင်းတွင် တောင်ပိုင်းအိန္ဒိယနိုင်ငံမှ တစ်ဆင့် တရုတ်ပြည်သို့ ရောက်ရှိသွားသည်ဟု ဆိုကြသည်။ ထိုကြောင့် အိန္ဒိယသည် သိုင်းပညာ၏ဖခင်ဖြစ်ပြီး တရုတ်ပြည်သည် သိုင်းပညာ၏မိခင်ဟု ပြောစမှတ်ပြုကြသည်။ အိန္ဒိယနိုင်ငံသည် သိုင်းပညာ၏ဖခင်ဖြစ်သော်လည်း တရုတ်နိုင်ငံ နှင့် ဂျပန်နိုင်ငံကဲ့သို့လောက် သိုင်းပညာမဖွံ့ဖြိုးချေ။ သို့ရာတွင် လက်ငုတ်လက်ရင်း သိုင်းပညာအချို့သည် အိန္ဒိယတိုင်းသားတို့လက်တွင် ကျန်ရှိကာ လေ့ကျင့်လိုက်စားနေကြသည်ကို တွေ့ရသည်။ ယင်းတို့အနက် ဗိုင်နော့ ၊ အာထာ ၊ ဗင်နရက်စ စသော လက်သိုင်းဗန်တိုများ ၊ ဗာဂျမူရှတီး ၊ ပင်ကရတီဗင် စသော ရှေးဟောင်းနပန်းသတ်ခြင်း အတတ်များသည် ပိုမိုထင်ရှားသည်။
အနောက်တိုင်းသိုင်းပညာ
အနောက်တိုင်းနိုင်ငံများတွင် လက်သိုင်း ၊ တုတ်သိုင်းပညာများထက် ဓားသိုင်းပညာများကို ပိုမို၍ စနစ်တကျလိုက်စား ရှာဖွေစုဆောင်းထားကြသည်ကို တွေ့ရှိရသည်။ ဓားသိုင်းပညာကို အင်္ဂလိပ်အခေါ်ဖြင့် ဖင်းစင်း (Fencing) ဟု ခေါ်ပြီး ဓားသိုင်းသမားများကို ဖင်းစား(Fencer)ဟု ခေါ်သည်။ ဖင်းစားတစ်ယောက်သည် အောက်ပါ ဓားသုံးမျိုးစလုံးကို ကိုင်တတ် ခုတ်တတ် ကစားတတ် ကာကွယ်တတ် တိုက်ခိုက်ခုခံရတတ်သည်။ ယင်းတို့မှာ
(၁) ဖွိုင် - ထိုးဓား သက်သက်ဓား
(၂) အပီး - ထိုးလည်းထိုး ခုတ်လည်းခုတ်နိုင်သောဓား
(၃) ဆယ်ဗာ - အခုတ်သက်သက်ဓား ဟူ၍ ဖြစ်ပေသည်။
အခြားနိုင်ငံရှိ သိုင်းပညာများ
ရုရှားနိုင်ငံတွင် ဂျူဒိုဆန်ဆန် လက်သိုင်းပညာကို ဆမ်ဗို ဟု ခေါ်သည်။ အင်္ကျီဝတ်ပြီး လုံးသတ်ရသော ရှေးဟောင်းနပန်းအတတ်ကို ဗောယက် ဟု ခေါ်သည်။
ပြင်သစ်နိုင်ငံတွင် ခြေဖြင့်တိုက်ခိုက်ခုခံရသော မူဟောင်းသိုင်းပညာတစ်ခု ထူးထူးခြားခြားရှိသည်။ ဆာဗက်တီ ဟု ခေါ်သည်။
အာဖရိကတိုက် အင်ဂိုလာပြည်နယ်တွင်လည်းကောင်း ၊ တောင်အမေရိကတိုက် ဘရာဇီးနိုင်ငံတစ်ဝိုက်တွင်လည်းကောင်း ၊ ကက်ပိုအဲရဂျင် ခေါ် ခြေအားကိုး ၊ လက်အားကိုး ရှေးဟောင်းသိုင်းပညာတစ်ခုကို တွေ့ရသည်။ ထိုသိုင်းပညာသည် တောကောင်ကဲ့သို့ အလွန် လျန်မြန်ဖျတ်လတ်စွာ သတ်ပုတ်တိုက်ခိုက်နိုင်သည်။
မိုးကြယ်စင်
(ရှာဖွေတင်ဆက်သည်)
0 Komentar untuk "သိုင်းပညာမှတ်စုများ"